တကောင်း ၂၂  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် တကောင်းမြို့ရှေးဟောင်း လေးမျက်နှာ ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ  ၉ ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်တွင် ဇန်နဝါရီ ၂၅ ရက်မှ စတင်ကာ ငါးရက်တိုင်တိုင်  အသံမစဲမဟာပဌာန်း  ရွတ်ဖတ်ပူဇော် ကြမည်ဖြစ်ပြီး ပွဲတော်ရက်များတွင် ရပ်ကွက်ကြီး ၃ ရပ်ကွက်မှ ဝတ်အသင်းများက ဓမ္မစင်္ကြာနှင့် ပရိတ်ကြီးများကို ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။

 

ဇန်နဝါရီ ၂၇ ရက်တွင် တကောင်းမြို့ အထကကျောင်းနှင့် မြို့မ အလကကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လေးမျက်နှာဘုရားကြီးသို့ ဆွမ်းတော်စာ ပို့လှူကြမည်ဖြစ်ပြီး တကောင်း နယ်သူနယ်သားများမှ ဘုရားကြီးရှိ   ဗုဒ္ဓရုပ်ပွားတော်ကများအား ရေသပ္ပာယ်ခြင်း၊ သစ်သီးများ ပန်းများ ဆပ်ကပ်ပူဇော်ခြင်း များပြုလုပ်၍ ညပိုင်းတွင် စေတီရင်ပြင်တော်ပေါ်တွင် ဆီမီး ၉၀ဝ၀ ထွန်းညှိပူဇော် ကြမည် ဖြစ်သည်။

 

ဇန်နဝါရီ ၂၉ ရက်တွင် ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်း သံဃာတော် ၁၁၂ ပါးနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ပြုလုပ်မည် ဖြစ်ပြီး တကောင်း အထကကျောင်း ဆရာ/ဆရာမများမှ ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ကျွေးမွေး ဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

 

လေးမျက်နှာဘုရားကြီး၏ ပွဲတော်ကာလအတွင်း ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများ ကျင်းပပြီး ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ၅ ညတိုင်တိုင် မန္တလာ ချစ်သူ ဇာတ်ပွဲနှင့်အတူ အဆိုတော် J-Fire ၊နေခြည်ရွှန်းလဲ့ နှင့် MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှ မင်းသား၊ မင်းသမီးများက ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်