မန္တလေး ၁၉ အောက်တိုဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ တကောင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့  ပြည်ပ ခရီးသွား လာရောက်မှုထက်  ပြည်တွင်းခရီးသွား လာရောက်မှုမှာ များပြားလာကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(တကောင်း)မှ သိရသည်။

 

 

တကောင်းယဉ်ကျေးမှုနယ်မြေသို့ မန္တလေး၊ ထီးချိုင့်ဘက်မှ ကုန်းလမ်းခရီးဖြင့် လာရောက်လည်ပတ်လေ့ရှိပြီး တစ်လလျှင် ပြည်တွင်းခရီးသွား ဦးရေ ၄၀ဝ မှ ၆၀ဝ အကြား လာရောက်လည်ပတ် ကြသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အနေဖြင့် မန္တလေးမြို့မှရေလမ်းခရီးဖြင့် လာရောက်လည်ပတ်လေ့ရှိကာ တစ်လလျှင် ဦး ၂၀ ခန့် သာ လာရောက်လည်ပတ်သည်။

 

 

"ထီးချိုင့်က ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ပြီးနောက်ပိုင်း  တကောင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ပြည်တွင်းခရီးသွားလာရောက်မှုက များလာတယ်။ နိုင်ငံခြားသားခရီးသွားတွေက ရေလမ်းကပဲ လာတာများပါတယ်။ တစ်လမှာ အယောက် ၂၀ ဝန်းကျင်လောက်ပဲလာတယ်။ '' ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(တကောင်း)မှ ဦးစီးအရာရှိ ဒေါ်ခင်ထွေးဝင်း ကပြောသည်။

 

 

တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တကောင်းရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ တကောင်းမြို့ရိုး၊ မြောက်ယဉ်စွန်းတန်းဖြတ်သန်းသွားသည့်နေရာ၊ စည်းခုံကြီးဘုရားမြေနေရာ၊ ရွှေဇာလီဘုရား၊ ခေါင်းတိုက်ဘုရား၊ ဇိနအောင်မြေဘုရား၊ ၁၁ ရာစုကအနော်ရထာမင်းကောင်းမှု လေးမျက်နှာဘုရား စသည့် ရှေးဟောင်းနေရာများသို့ လေ့လာလည်ပတ်နိုင်ကြောင်း သိရသည်။

 

 

ထို့အပြင် တကောင်းရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် ပျူခေတ်မှ ရတနာပုံခေတ် ရှေးဟောင်းပစ္စည်းများကို ပြခန်းသုံးနေရာခွဲ၍ ကျောက်၊ ကြေး၊ သံ၊ သစ်သားနှင့် ပြုလုပ်ထားသည့်ရှေးဟောင်းပစ္စည်းများအား ထိန်းသိမ်းပြသထားကြောင်း သိရသည်။

 

 

ပြတိုက်တွင် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်အဝင်စားဆုံးပြကွက်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ဝ၀ ကျော်က သံခေတ်၏ ပြယုဒ် ဖြစ်သော သံချက်ဖိုဖြစ်ပြီး ယခင်က တကောင်းယဉ်ကျေးမှုနယ်မြေပတ်ဝန်းကျင်တွင် သံချက်ဖို ၁၀ဝ ကျော်ရှိကာ  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သံချက်ဖို ၁၀ ဖို ကို ထိန်းသိမ်းထားကြောင်း သိရသည် ။

 

သူရိန်လင်း