တက္ကဆက်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုမြင့်တက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် လှုပ်ရှားမှုများ ဆိုင်းငံ့

တက္ကဆက်  ၂၇  ဇွန်

အမေရိကန်တောင်ပိုင်းပြည်နယ်ဖြစ်သည့် တက္ကဆက်တွင် မကြာသေးမီရက်ပိုင်းအတွင်းက ကိုဗစ်-၁၉ ကူးစက်ခံရမှု မြင့်တက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းများပြန်လည်စတင်ရန် နောက်ထပ်လှုပ်ရှားမှုများကို ဆိုင်းငံ့ထားမည်ဟု သိရသည်။ တက္ကဆက်ပြည်နယ်ဟူစတန်မြို့တွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေရသည့် အရေအတွက်မှာ မေ ၃၁ ရက်မှစတင်၍ သုံးဆမြင့်တက်ခဲ့သည်။ ယင်းမြို့ရှိ ဆေးကုသမှုဌာန အထူးကြပ်မတ် ကုသဆောင်တွင်လည်း ၁၀၀ ရာခိုင်နှုန်းလူနာများနှင့် ပြည့်နှက်နေပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။

ကလေးဆေးရုံတွင်လည်း အသက်ကြီးပိုင်းလူနာများအတွက် ကုသမှုများပေးနိုင်ရေး ခွင့်ပြုချက်ပေးခဲ့သည်။ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ကလည်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့် ပေးရန် အစီအစဉ်ကို ယာယီရပ်နားထားဦးမည်ဟု ဇွန် ၂၅ ရက်က ကြေညာခဲ့သည်။

ထို့အပြင်ဒေသခံများဘက်မှလည်း အပြင်ထွက်သည့်အခါ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ခြင်းနှင့် လက် ပုံမှန်ဆေးကြောခြင်း အစရှိသည့် လုပ်ဆောင်မှုများ လုပ်ဆောင်ပေးခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်မှုရပ်တန့်သွား စေရေးအတွက် ပါဝင်ကူညီပေးကြရန် တောင်းဆိုခဲ့သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသီများ၏ စာရင်းဇယားအချက်အလက်များအရ အမေရိကန်နိုင်ငံတွင် နေ့စဉ်ကူးစက်မှုများမှာ ၃၀၀၀၀ကျော်ရှိသည်ဟု ဖော်ပြနေသည်။ ယင်းပမာဏသည်ဧပြီလအတွင်း ကူးစက်မှုနှုန်းနှင့် အတူတူပင်ဖြစ်သည်။ ဇွန် ၂၄ ရက်က ကယ်လီဖိုးနီးယားတွင်လည်း ကူးစက်ခံရသူ ၇၁၄၉ ဦး ရှိပြီး တက္ကဆက်တွင် ၅၅၅၁ ဦး၊ ဖလော်ရီဒါတွင် ၅၅၀၈ ဦး ရှိကြောင်းသိရသည်။

စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန်ခွင့်ပြုပြီး နောက်ပိုင်းတွင် အမေရိကန်ပြည်နယ်အများစုတွင် ကူးစက်ခံရမှုများ မြင့်တက်လာခဲ့သည်။

အချို့သောပညာရှင်များက စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပေးသည့်အစီအစဉ်ကို ပြန်လည် သုံးသပ်သင့်သည်ဟု အကြံပြုထားပြီး တိုင်းပြည်အတွင်း ကူးစက်မှုများ ပြန်လည်မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိသည်။

အင်န်အိတ်ချ်ကေ