ရန်ကုန်   ၂   မတ်

 

တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူကျန်းမာရေး ပညာပေးအစီအစဉ်စတင်ဆောင်ရွက် ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ed1

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသား ကျောင်းသူလူငယ်များ စုဝေးရာဖြစ်သည့် တစ်နိုင်ငံလုံးရှိ ကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူလူထု၏ အနီးဝန်းကျင်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရန်၊ ဆေးလိပ်ကင်းစင်သော တက္ကသိုလ်ပတ်ဝန်း ကျင်ဖြစ်လာစေရန်၊ အရက်ဘီယာအန္တရာယ် ကင်းဝေးစေရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်(၇)ရပ် ဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျှော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မိမိတို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် လုံခြုံဘေးကင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော အရည်အသွေးကောင်းမွန်သည့် သင်ယူမှုဝန်းကျင်ကောင်းဖြစ်အောင် ဖန်တီးဆောင်ရွက်၍ ၂၁ ရာစု စွမ်းဆောင်ရည်နှင့် လိုက်လျောညီထွေသည့် ကျွမ်းကျင်မှု၊ အရည်အသွေးများနှင့်ပြည့်စုံသော မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ ပြုစုပျိုးထောင်မွေးထုတ်ပေးကြရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆောင်ရွက်ကြရာတွင် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူအားလုံးက မိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီး ဌာနရှိ ကျောင်းကျန်းမာရေးဌာနခွဲနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုစုထားရှိသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်()ရပ်မှ အဓိက အချက်များ၊ သက်ရွယ်ဆင့်တူပညာပေးမှု လက်စွဲစာအုပ်များနှင့် လုပ်ငန်းလမ်းညွှန်တို့ကို ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်မှ အလွန်ကောင်းမွန် ပြည့်စုံကြောင်းတွေ့ရှိရပါကြောင်း။

 

တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား အခြားသူများမှ ပညာပေးနှိုးဆော်မှုများပြုလုပ်သည်ထက် ၎င်းတို့နှင့် သက်တူ၊ ရွယ်တူ၊ အတန်းတူသူများမှ အချင်းချင်း အသိပညာပေးမှုများ ပြုလုပ်ခြင်းသည် ပိုမိုထိရောက်ပြီးရရှိသည့် အသိပညာသည်လည်း ရေရှည် တည့်တံ့ခိုင်မြဲစေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆရာများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ၎င်းတို့အနေဖြင့် မည်သို့ပါဝင်ပံ့ပိုး ဆောင်ရွက်မည်ကိုလည်း ဆွေးနွေးပြီး ဆောင်ရွက်စေလိုပါကြောင်း။

 

တက္ကသိုလ်၊ ကောလိပ်များတွင် ဤစီမံချက်ကို ပြုလုပ်နေသည်နှင့် တစ်ပြိုင်နက် အခြေခံပညာ ကျောင်းများတွင် တက်ရောက်နေသော (၉ ဒသမ ၇) သန်းရှိသော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ဆောင်ရွက်စေလိုပါကြောင်း၊ ဤစီမံချက်ကို နိုင်ငံတော် စီမံချက်အနေဖြင့် ဆောင်ရွက်စေခြင်းအားဖြင့် အနာဂတ်တွင် လူကြီးဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ဓာတ်အားဖြင့် ပြည့်ဝခြင်း အစရှိသည့် အကျိုးဆက်များကို ရရှိမည်ဖြစ်သဖြင့် နိုင်ငံ၏ဘက်စုံဖွံ့ဖြိုးမှု၌ များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပညာဗဟုသုတရရှိရုံဖြင့် မပြီးမြောက်ဘဲ ၎င်းအသိပညာဗဟုသုတအား လက်တွေ့ အသုံးချလာစေရေးအတွက်ကိုလည်း အစီအမံနှင့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးရမည်ဖြစ်ပါကြောင်း။

 

မူးယစ်ဆေးဝါးသုံးစွဲသူများသည် ကိုယ်ခန္ဓာတစ်ခုလုံးထိခိုက်ပျက်စီးခြင်း၊ ဉာဏ်ရည်ထုံထိုင်းခြင်း၊ စိတ် ရောဂါများဖြစ်ပွားခြင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံ ထိခိုက်ပျက်စီးခြင်းတို့ကို ခံစားရမည်ဖြစ်သည့်အတွက် မူးယစ်ဆေးဝါးကင်းစင်ရေးကိစ္စကို ဦးစားပေးအစီအစဉ် () အဖြစ် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်တို့ကိုသုံးစွဲမှုကြောင့် ရေတိုကျန်းမာရေးထိခိုက်မှု သာမက ကင်ဆာရောဂါအပါအဝင် နာတာရှည်ရောဂါများကို ဖြစ်ပွားစေသည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိသားစုများအတွက်ပါ ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယာဉ် စည်း ကမ်း၊ လမ်းစည်းကမ်းများကို မလိုက်နာသဖြင့် မတော်တဆမှုများဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ကြောင့် ကိုယ်လက်အင်္ဂါများဆုံးရှုံးခြင်း၊ အသက်သေဆုံးခြင်းများ ဖြစ်ပွားနိုင်ပါကြောင်း၊ ယာဉ်မတော် တဆဖြစ်ပွား ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးကို ကုသမှုပေးရန် ဆေးပညာရပ် အမျိုးမျိုးမှ ခန္ဓာကိုယ်အပိုင်းလိုက် အထူးကုသသည့် ခွဲစိတ်ကုဆရာဝန်များ၊ သူနာပြုများ၊ ခွဲစိတ်ခန်းဝန်ထမ်းများ၊ ဓာတ်ခွဲ၊ ဓာတ်မှန်ဝန်ထမ်း များနှင့် ဘက်စုံသော ကျန်းမာရေးဝန်ထမ်းများစွာက ဝိုင်းဝန်း၍ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် အခြားသော လူနာများအား ကုသမှုပေးချိန်များကိုလည်း ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူအား ပေးအပ်လိုက်ရသည်ဖြစ်ပါ ကြောင်း။

 

ယာဉ်မတော်တဆဖြစ်ပွား ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ခွဲစိတ်ကုသမှုပေးရာတွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများမှ နာရီအနည်းငယ်မှ နာရီပေါင်းများစွာ လုပ်ဆောင်ရသည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆေးနှင့်ဆေးပစ္စည်းများစွာကိုလည်း သုံးစွဲကုသမှုပေးရခြင်းဖြစ်သဖြင့် ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်လာပါက မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများတွင် အလုပ်တာဝန်ပိမှု လျော့ပါးလာခြင်း၊ အခြားလူနာများအတွက် ကုသချိန်ပိုမို ပေးအပ်နိုင်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းကုန်ကျမှုများ လျော့နည်းလာ ခြင်းတို့ကို ရရှိမည်ဖြစ်ပါကြောင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရေးအပါအဝင် ဘဝတစ်သက်တာ အတွက်လိုအပ်မည့် မျိုးဆက်ပွားကျန်းမာရေး အသိပညာဗဟုသုတများသည် အရေးကြီးပါကြောင်း၊ ဂိမ်းအလွန်အကျွံစွဲလမ်းမှုများကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများထိခိုက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ဂိမ်းအလွန်အကျွံ စွဲလမ်းမှုများကို ကျန်းမာရေးပြဿနာတစ်ရပ် (gaming disorder) အဖြစ် International classification of diseases and health problems – 11 (ICD – 11) ထည့်သွင်းသတ်မှတ်ခဲ့ပါကြောင်း။

 

ed2

 

လက်ရှိရေးဆွဲထားသော မဟာဗျူဟာသည်လည်း ပုံသေမဟုတ်ဘဲ ပိုမိုကောင်းမွန် အောင်မြင်စေရန် အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ ပြောင်းလဲလျက်ရှိသော အခြေအနေ အရပ်ရပ်နှင့်ကိုက်ညီစွာဖြင့် လိုအပ်သလို မွမ်းမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင် ပါဝင်သည့် လုပ်ငန်းစဉ်များသည် လက်တွေ့မြေပြင်အခြေအနေတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များသာ ဖြစ်စေ ရေးမှာ အထူးအရေးကြီးပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များမှ တာဝန်ရှိသူများက ပံ့ပိုးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သက်ရွယ်ဆင့်တူ ပညာပေးအစီအစဉ် လုပ်ငန်းများအပါအဝင် ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို အားလုံးစုစည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြော ကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တာဝန်ရှိသူများသည် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ယင်းနောက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင် ပပျောက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆရာဝန်အသင်း နည်းပညာအကြံပေး(လူငယ်စီမံချက်) ဒေါက်တာ နေဝင်းက Moderator အဖြစ်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ နီလာကြူ၊ မူးယစ်ဆေးစွဲရောဂါ ကုသရေးနှင့်သုတေသန စီမံချက်မန်နေဂျာ ဒေါက်တာနန္ဒမျိုးအောင်ဝမ်း၊ စိတ်ကျန်းမာရေး ပါမောက္ခ ဒေါက်တာဆန်းလင်း၊ ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာန တွဲဖက်ပါမောက္ခ ဒေါက်တာရဲထွန်း၊ ရန်ကုန်ဆေးတက္ကသိုလ်(၁)အလုပ်သင်ဆရာဝန် ဒေါက်တာရာသူ(လ်)ပရာဆတ် နှင့် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်း တွဲဖက်အတွင်းရေးမှူး ကိုနိုင်မင်းခန့်တို့က Panelists များအဖြစ် လည်းကောင်း Panel Discussion ကိုဆောင်ရွက်ခဲ့ပြီး သိရှိလိုသည့်မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်