ဒေါက်တာမျိုးကြွယ်(AUAA)
ပညာရေးနှင့် စီးပွားရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးပွဲကိုယခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပခဲ့ရာ ကျွန်တော် တက်ရောက်ဖြစ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ပညာရေး ကဏ္ဍနှင့် လုပ်ငန်းခွင်ကဏ္ဍ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး(Schools Industry Partnership) ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က တက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သော ဘွဲ့ရများနှင့် အလုပ်အကိုင် ကိုက်ညီမှု၊ ပညာရေးကဏ္ဍနှင့် လုပ်ငန်းခွင်ကဏ္ဍ ချိတ်ဆက်နိုင်ရေး(Matching)တို့ကို ရှင်းလင်းပြောကြားသွားသည်။
ပြီးခဲ့သောလက ကျွန်တော်တို့၏ရုံးတွင် အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံတက္ကသိုလ်များနှင့် ဥရောပနိုင်ငံများရှိ တက္ကသိုလ်အချို့ ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းမှ မန်နေဂျာဖြစ်သူ အီတလီနိုင်ငံ ဘိုလော့နာတက္ကသိုလ်မှ ပါမောက္ခဒေါက်တာအင်တိုနီယိုက “ပြောရမှာတော့ အားနာပါတယ်၊ မြန်မာနိုင်ငံ တက္ကသိုလ်များက မွေးထုတ်ပေးလိုက်သော ဘွဲ့ရများနဲ့ မြန်မာနိုင်ငံမှာ လိုအပ်နေသော အလုပ်အကိုင်များက ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေတယ်”ဟူ၍ သုံးသပ်ပြောကြား သွားသည်။
ကျွန်တော်တို့နိုင်ငံရှိ တက္ကသိုလ်များအတွက် နောင်အနာဂတ်စီမံကိန်းအနေဖြင့်နောင် ငါးနှစ်၊ ၁၀ နှစ်ထက်မပိုသည့် ကာလအတွင်း မည်သည့်အလုပ်အကိုင်များ၊ ဘွဲ့ရများ လိုအပ်နေပါသနည်း ဆိုသည်ကို ပညာရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးရန်လိုအပ်လျက်ရှိပါသည်။
ဥပမာ - ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆွေးနွေးသွားသည့်အချက်အရ အခြေခံပညာကဏ္ဍ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း အစိုးရ/ ပုဂ္ဂလိက ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၇ သိန်းကျော်အတွက် နိုင်ငံတော်မှခန့်အပ်ထားသော ဆရာ ဆရာမ အရေအတွက် လေးသိန်းရှိပါသည်။ ကျောင်းသား နှင့် ဆရာအချိုးမှာ ကျောင်းသား ၂၄ ဦးလျှင် ဆရာ တစ်ဦးသာ ရှိသည်။ အချို့ကျေးလက်ဒေသများ၊ ပြည်နယ်များတွင်မူ ဆရာ ဆရာမ တစ်ဦးလျှင် ကျောင်းသား ၂၅ ဦးထက် ပိုပါလိမ့်ဦးမည်။
နိုင်ငံတော်အတွက်လိုအပ်သော မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ ဆရာမ အလုပ်အကိုင်နေရာများအတွက် ပညာရေးတက္ကသိုလ်များမှ ဘွဲ့ရမွေးထုတ်ပေးနိုင်မှုမှာ ယူနက်စကို၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် စုစုပေါင်းဘွဲ့ရ အားလုံး၏ ၂ ဒသမ ၃ ရာခိုင်နှုန်းသာရှိနေချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ၁၃ ရာခိုင်နှုန်း၊ မလေးရှားတွင် ၁၃ ရာခိုင်နှုန်း၊ ဂျပန်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ အမေရိကန်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်း၊ နယ်သာလန်တွင် ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ ဩစတြီးယားတွင်၁၆ ရာခိုင်နှုန်း၊ ဗီယက်နမ်တွင် ၂၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် လာအိုတွင် ၂၅ ဒသမ ၂ ရာ ခိုင်နှုန်းအထိ ဘွဲ့ရများ မွေးထုတ်ပေးနေကြသည်ကို တွေ့ရသည်။ နောင် လေးနှစ်၊ ငါးနှစ် အပြီးတွင်တော့ ပညာရေးဒီဂရီကောလိပ်များမှ လေးနှစ်ပြီးသည့် ဘွဲ့ရများ ပေါ်ထွက်လာပါမည်။
အခြားနိုင်ငံများတွင် မူကြိုပညာရေးမှအစ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဘာသာရပ်သင် အထူးပြုများဖြင့် ပညာရေးဘွဲ့ကို ပေးသည်။ ရာထူးတိုးကိုလည်း ပြောင်းရွှေ့ခြင်းမပြုဘဲ မူလတန်းသင် ဆရာ ဆရာမသည် အလုပ်စဝင်သည်မှ အငြိမ်းစားယူသည်အထိ မူလတန်းတွင်သာ ရာထူးအဆင့်ဆင့်ပြောင်း၍ သင်ကြား လျက်ရှိကြသည်။ ပညာရေးတွင် ဆရာ ဆရာမများ ခန့်အပ်ရာ၌ နိုင်ငံအတွင်းရှိအတော်ဆုံး ၅-၁၀ ရာခိုင်နှုန်းအတွင်းမှ ရွေးချယ်ခန့်အပ်ကာ လုပ်ခလစာကိုလည်း လောက်ငစွာ ပေးထားသည်။ ကျောင်းဆရာ ဆရာမ၏ လခသည် အခြား ရာထူးတူ လခထက် ပိုပါသည်။
စင်ကာပူနိုင်ငံမှ ပညာရေးမိတ်ဆွေတစ်ယောက်ကို ကျွန်တော် မေးကြည့်ရာ သူ့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံမဟုတ်၍ ဘွဲ့ရအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်မှာ အင်ဂျင်နီယာဘာသာရပ်ပေါင်းစုံမှ ဘွဲ့ရများဖြစ်ကြပြီး မိမိနိုင်ငံအတွက်သာမက နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နိုင်ရန်ပါ ရည်ရွယ်ထားကြောင်း ပြောပြသည်။
နီပေါနိုင်ငံမှ မိတ်ဆွေတစ်ယောက်ကို မေးကြည့်ရာ တွင်မူ သူ့နိုင်ငံ၏ဝင်ငွေမှာ က္ဘာလှည့်ခရီးသွားလုပ်ငန်း(Tourism)ဖြစ်သဖြင့် အဆင့်မြင့်ပညာကျောင်းများ တွင် က္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများအပေါ် ဦးတည်ထားသည့် ဘာသာရပ်များကို ဦးစားပေးသင်ကြားသည်ဟု ပြောပါသည်။ စိုက်ပျိုးရေးပညာအနေဖြင့် သူ့နိုင်ငံမှာ တောင်တန်းထူထပ်လွန်းသဖြင့် သာမန်စိုက်ပျိုးရေးလုပ်ငန်းကို သင်ကြားပေး၍ အဆင်မပြေဘဲ တောင်တန်းဒေသနှင့် လိုက်လျောညီထွေဖြစ်နိုင်သော စိုက်ပျိုးမွေးမြူရေး(Mountain Agriculture)ကို တက္ကသိုလ်၊ ကောလိပ်များ၌ သင်ကြား သင်ယူစေသည်ဟု ပြောပါသည်။
ကျွန်တော် ဂျာမနီနိုင်ငံ၌ ပါရဂူဘွဲ့တက်စဉ်ကလည်း ဂျာမနီတွင် ဆန်စပါးနှင့်ကြံကို စိုက်ပျိုး၍မရသဖြင့် ဆန်စပါးစိုက်ပျိုးရေးကို မသင်ကြားဘဲ သူတို့နိုင်ငံနှင့်လိုက်လျောညီထွေဖြစ်သည့် ဂျုံ၊ ဘာလီ၊ သကြားမုန်လာ၊ သစ်တော်သီး၊ ပန်းသီး၊ ချယ်ရီသီး စသည်တို့ စိုက်ပျိုးရေးကိုသာ တက္ကသိုလ်များ၌ ဦးစားပေးသင်ကြားပြီး ဘွဲ့ရများကို မွေးထုတ်ပေးသည်ဟု ပြောဆိုပါသည်။
စင်ကာပူနိုင်ငံရှိ နန်ယန်းနည်းပညာတက္ကသိုလ်(Nanyang Technological University - NTU)မှ ဘွဲ့ရရှိပြီးသူများ၏ အလုပ်အကိုင်ရရှိမှုကို ၂၁၀၇ ခုနှစ်က စစ်တမ်းကောက်ယူ သုတေသနပြုခဲ့ရာ တွင်(B.Accountancy) ဘွဲ့ရသူများက ၉၇ ရာခိုင်နှုန်း၊ (B.Business) ဘွဲ့ရသူများက ၉၃ ရာခိုင်နှုန်း၊ B.E(Civil Engineering) ဘွဲ့ရသူများက ၉၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် B.Sc( Biological Science) ဘွဲ့ရသူများက ၈၀ ရာခိုင်နှုန်း စသည်ဖြင့် အလုပ်အကိုင်များ ရရှိကြ သည်ကို ဖော်ပြပါဇယားအတိုင်း တွေ့ရပါမည်။
ကျောင်းသား ကျောင်းသူများ လက်ခံသည့် အရေအတွက်မှာလည်း ဘာသာရပ်အလိုက် လိုအပ်ချက်အရသာ စိစစ်လက်ခံသည်ကို တွေ့နိုင်သည်။ ကျောင်းသား ကျောင်းသူအရေအတွက်ကို လိုအပ်သည်ထက် (ဥပမာ-ဓာတ်ခွဲခန်း၊ ကိရိယာ၊ ဆရာ ဆရာမ အရေအတွက် အချိုးအရ လက်ခံနိုင်သည်ထက်) ပိုမိုလက်ခံထားပါက နိုင်ငံတော်အတွက်လိုအပ်မည့် သုတေသနကို အသာထား၊ လက်တွေ့လုပ်ဆောင်ရာ တွင်ပင် ပြုံတိုးနေ၍ သိပံ္ပ၊ အသုံးချသိပ္ပံ ဘာသာရပ်များကို ကျောင်းသား ကျောင်းသူတိုင်း လက်တွေ့ မလုပ်ဆောင်နိုင်တော့ပါ။
စင်ကာပူ၊ ဂျာမနီ၊ ဆွစ်ဇာလန် စသည့် ဥရောပနိုင်ငံများ၌ တက္ကသိုလ်သို့ သွား ရောက်သည့် ကျောင်းသား ကျောင်းသူအရေအတွက်သည် မများဘဲ အသက်မွေး ဝမ်းကျောင်းပညာရပ်သင်တန်းများ(Technical & Vocational Education & Training - TVET)၌ ကျောင်းသား ကျောင်းသူ အရေအတွက် ၅၀ ရာခိုင်နှုန်းမှ၈၀ ရာခိုင်နှုန်းအထိ သင်ကြား သင်ယူလျက်ရှိပြီး အလုပ်အကိုင်ရရှိမှုမှာလည်း အလွန်ကောင်းမွန်နေပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော၊ မြန်မာနိုင်ငံ၏ အမှန်တကယ်လိုအပ်ချက်များနှင့်လည်း ကိုက်ညီသော အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပို့ချရေးကို ဦးစားပေး လုပ်ဆောင်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။ မြန်မာ့အလင်း