နေပြည်တော် ၂၆ ဇန်နဝါရီ
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များ ကော်မတီတို့၏ ဦးဆောင်မှုဖြင့် အမျိုးသားအဆင့်မြင့်ပညာ ဖွံ့ဖြိုးရေးကျောင်း (National Institute for Higher Education Development - NIHED)၊ Advance HE နှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်းကျင်းပသည့် တက္ကသိုလ်စိန်ခေါ်မှုများ (University Challenges) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗြိတိသျှကောင်စီမှ ဋ္ဌာနေကိုယ်စားလှယ် Ms Sarah Deverall၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန၏ ပင်မတန်ဖိုးထားသည့် မျှော်မှန်းချက်များ (Core Values of Goals) ဖြစ်ကြသော (၁) မျက်မှောက်ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားရိုင်းပင်းကူညီတတ်သော ကမ္ဘာ့လူသား ကောင်းဖြစ်မှု၊ (၂) ပူးပေါင်းသင်ယူခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်း၊ ပူးပေါင်းနေထိုင်ခြင်းတို့ကို အသင်းအဖွဲ့ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ (၃) စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ကောင်းမွန်စွာ ဆောင်ရွက်တတ်ခြင်း၊ မှန်ကန်မှုရှိသော ကိစ္စရပ်များကိုသာ ဆောင်ရွက်ခြင်း၊ (၄) ကမ္ဘာကြီးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် ပိုမိုတိုးတက်ကောင်းမွန်သော နည်းလမ်းများကို ရှာဖွေလေ့လာ ဖော်ထုတ်တတ်သည့် ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးမှုများကို ပိုင်ဆိုင်ကြစေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို အခြေခံလျက် အရည်အသွေးရှိသောပညာရေးကို ဦးတည်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းကာ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးကသာလျှင် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပိုမိုဆိုးရွားသည့် မညီမျှမှုများကို တားဆီးကာ အားလုံးအတွက် ပြည့်စုံလှပသော အနာဂတ်ကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ပညာရေးကဏ္ဍ အစီရင်ခံစာနှင့် ပြည်တွင်း ပြည်ပ ပညာရှင်များက မြန်မာနိုင်ငံ၏ ဆရာအတတ်ပညာရေး စီမံခန့်ခွဲမှုကဏ္ဍရှိ စိန်ခေါ်မှုများကို ထောက်ပြခဲ့ကြပါကြောင်း၊ ဆရာခန့်ထားရေး၊ ဆရာလုပ်ငန်းဆိုင်ရာမူဝါဒ၊ ကျောင်းအုပ်ကြီးများအတွက် စီမံခန့်ခွဲမှုသင်တန်း၊ ဘွဲ့ကြို ဆရာဖြစ် သင်တန်းအတွက် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှု၊ လုပ်ငန်းခွင် ဆရာများအတွက် မွမ်းမံသင်တန်းများ၊ သင်ကြားသင်ယူမှုအတွက် ထိရောက်သော အိုင်စီတီအသုံးပြုမှုနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချရေးကိစ္စရပ်များကို ထောက်ပြခဲ့ကြပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဤစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ ပညာရေးနှင့် အင်္ဂလိပ်စာတွင် ရလဒ်ကောင်းများရရှိရေးအစီအစဉ် (Towards Results in Education and English-TREE) နှင့် မြန်မာနိုင်ငံရှိ ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေး (Strengthening Teacher Education in Myanmar-STEM) စသည့် စီမံချက်များတို့ကို ဗြိတိသျှကောင်စီနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် လွတ်လပ်စွာစီမံခန့်ခွဲသည့် တက္ကသိုလ်များဖြစ်လာရေးကို ဦးတည်လျက် တက္ကသိုလ် ၂၁ ကျောင်းအပါအဝင် တက္ကသိုလ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ ဖြည့်ဆည်းခြင်းများတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဦးစားပေးလုပ်ငန်းစဉ်များအနေဖြင့် ဆရာများ၊ ဝန်ထမ်းများ၊ ကျောင်းသားများ၊ ဘဝတစ်သက်တာ သင်ယူသူများ၊ ပြည်ထောင်စုတိုင်းရင်းသားများအားလုံးတို့၏ အင်္ဂလိပ်စာနှင့် အိုင်စီတီအရည်အသွေး မြှင့်တင်ရေး၊ အမျိုးသားပညာ အရည်အချင်းမူဘောင် သတ်မှတ်ခြင်း၊ တက္ကသိုလ်ပင်မစီမံကိန်းနှင့် တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲခြင်း၊ ဝန်ထမ်းရာထူး ခန့်၊ ပြောင်း၊ တိုးမြှင့်ရေး၊ တက္ကသိုလ်ဝင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း အခြေပြု ဘွဲ့သင်တန်းများနှင့် သင်ရိုးညွှန်းတမ်းများ၊ Credit Transfer စနစ်၊ သင်ကြားသင်ယူမှု၊ စစ်ဆေးအကဲဖြတ်မှု၊ သုတေသန၊ ကျောင်းနှင့် လုပ်ငန်းခွင်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးအာမခံမှုနှင့် ပညာအရည်အချင်း အသိအမှတ်ပြုမှုတို့အတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ တက္ကသိုလ် ၂၁ ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် ပါမောက္ခများ၊ ဌာနမှူး (စီမံ/သင်တန်း) များ စုစုပေါင်း ၁၀၅ ဦး တက်ရောက်လျက်ရှိပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


