နေပြည်တော် ဖေဖော်ဝါရီ ၉
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများကို အခြေခံ စစ်ပညာနှင့် တန်းမြင့်စစ်ပညာများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန်ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ အခြေခံစစ်ပညာ သင်တန်းနှင့် တန်းမြင့်စစ်ပညာ သင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင် လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် လည်းကောင်း နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ သင်တန်းတာဝန်ခံ အရာရှိများ၊ သင်တန်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြသည်။
ကြည့်ရှုအားပေး
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ကျောင်းသား ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ် အခြေခံ စစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာ သင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန်အလိုက် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


