ရန်ကုန် ၁၆  ဇန်နဝါရီ

 

အမျိုးသားပညာရေး မူဝါဒကော်မရှင်က ကြီးမှူး၍ တက္ကသိုလ်များမှ ဘွဲ့ရရှိသူများ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းအခြေအနေနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အမျိုးသားပညာရေး မူဝါဒကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

52

 

ဆွေးနွေးပွဲတွင် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့က အမှာစကားပြောကြားကြပြီး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

 

အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က “ဒီနေ့ဆွေးနွေးပွဲ က တက္ကသိုလ်ဘွဲ့ရပြီးတာနဲ့ အလုပ်ရဖို့အတွက်ပါ။ အလုပ်ဆိုတဲ့နေရာမှာ  အစိုးရအလုပ် အပြင် ပုဂ္ဂလိက အလုပ်လည်းပါတယ်။ ပညာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ တက္ကသိုလ်တွေ သာမက တက္ကသိုလ်ပေါင်းစုံရဲ့ အလုပ်အကိုင်ရရှိရေးတွေပါပါတယ်။ ပညာရေးတက္ကသိုလ်တွေဆိုရင် ၁၀ဝ ရာခိုင်နှုန်း အလုပ်ရပါတယ်။ သို့သော် မွေးထုတ်နိုင်တာက တစ်ထောင်ပဲ မွေးထုတ်နိုင်ပြီး လိုတာက တစ်သောင်းလောက် လိုနေပါတယ်။ ဒါမျိုးကအစ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ပေးနိုင်မလဲ။ တချို့က အဝေးသင်တက္ကသိုလ်တက်ပေမယ့်၊ အလုပ် အကိုင် မရဘူး။ အဝေးသင်ကိုလည်း အလုပ်အကိုင်ရရှိနိုင်တဲ့ အလုပ်အကိုင်နဲ့ ဆက်စပ် တာတွေ သင်ပေးဖို့လိုပါတယ်။အဓိက အလုပ်အတွက်ပဲ ဒီရည်ရွယ်ချက်နဲ့ ဆွေးနွေးတာပါ ဟု ပြောသည်။

 

85

 

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က “အခြေခံစဉ်းစားတာက ကလေးတွေနဲ့ မိဘတွေအတွက် စဉ်းစားတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ် ထားတယ်ဆိုတာ မျှော်လင့်ချက် တစ်ခုပါပဲ။ မျှော်လင့်ချက်က သူတို့ဘွဲ့ရပြီးရင် ရတဲ့ဘွဲ့နဲ့ ထိုက်ထိုက်တန်တန် အလုပ်တွေရဖို့ ရည်မှန်းချက်နဲ့ လုပ်တယ်။ မြန်မာပြည် သာမက နိုင်ငံတကာမှာလည်း တချို့တွေက သိပ်လွယ်တာ မဟုတ်ဘူး။မိသားစုတစ်စုမှာ ကလေးတွေ ကျောင်းထားနိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အဲဒီလိုအားခဲပြီး လုပ်ပေမယ့် ဘွဲ့ရပြီး အလုပ်မရှိတော့ တော်တော်နစ်နာတယ်။

 

နစ်နာတယ်ဆိုတာ မိသားစုတွေ နစ်နာရုံသာမက သင်တဲ့ဆရာတွေလည်း နစ်နာတယ်။ အဲ့ဒါကို ဘယ်လိုလုပ်ကြမလဲ။ နိုင်ငံတကာမှာ တက္ကသိုလ်တွေကို တိုင်းတာတဲ့ ပေတံတွေ ပြောင်းလာတယ်။ အရင်တုန်းက တက္ကသိုလ်တစ်ခုကို တိုင်းရင် သုတေသန လုပ်တာတို့ သင်ကြားရေးနဲ့ပတ်သက်လို့ တိုင်းတာတဲ့ပေတံတွေရှိတယ်။အခု ဘာတိုင်းလာလည်းဆိုတော့ အလုပ်အကိုင်ရရှိရေး၊ ပညာရေးလောကနဲ့ အလုပ်အကိုင်လောက မချိတ်လို့မရဘူး။ အလုပ်ခွင်မှာ အဆင်ပြေနိုင်တဲ့ အသိပညာတွေကို မျှဝေပေးမှရမယ်။ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲက ဒါကိုဘယ်လိုလုပ်ကြမလဲ။ အရင်တုန်းက တက္ကသိုလ်ဆိုတာ စဉ်းစားဖို့၊ တွေးဖို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံကြ အဲ့လိုပုံစံက တစ်ပိုင်း၊ တက္ကသိုလ်က ထွက်လာပြီး အလုပ်ရဖို့ကလည်း အရေးကြီးပါတယ်။ ဒီနေ့ပညာရှင်တွေ အားလုံး တိုင်ပင်ပြီး အဖြေထွက်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီကနေ ကျယ်ကျယ်ပြန့်ပြန့် ရလဒ် တွေ ရလာလိမ့်မယ်လို့ ထင်ပါတယ်။ အမျိုးသားပညာရေး မူဝါဒကော်မရှင်(NEPC)အနေနဲ့ မူဝါဒချက်မှတ် တဲ့အခါ မှန်မှန်ကန်ကန်ချမှတ်နိုင်ဖို့ စာရင်းအချက်အလက်တွေ စုစည်းတယ် လို့ပဲ ထင်ပါတယ်။

 

9

 

တက္ကသိုလ်ဘွဲ့ရပြီး အလုပ်ရဖို့ဆိုတာ ကျောင်းသားတွေ၊ မိဘတွေ၊ သင်တဲ့ဆရာတွေ၊ အလုပ်ပေးနိုင်တဲ့ အလုပ်ရှင်တွေ လေးပွင့်ဆိုင် ဟန်ချက်ညီဖို့လိုပါတယ်။ လုပ်ငန်းရှင် တွေဘက်ကလည်း တက္ကသိုလ်တွေနဲ့ ထိတွေ့နေဖို့လိုပါတယ်။ တက္ကသိုလ်တွေကလည်း လုပ်ငန်းရှင်တွေနဲ့ ထိတွေ့ဖို့လိုပါတယ်။ အလုပ်ခွင်နဲ့ ကျောင်းစာသင်ခန်းနဲ့က ဆက်စပ်နေရမယ်။ ကျောင်းတက်နေရင် စာပဲသင်၊ အလုပ်အကြောင်း မစဉ်းစားနဲ့၊ ပြီးမှအလုပ် အကြောင်း စဉ်းစားမယ်ဆိုတာက တစ်ချိန်တုန်းက ခံယူခဲ့တဲ့ အယူအဆတွေပါ။ ကျွန်တော် တိုက်တွန်းချင်တာက မိဘတွေအနေနဲ့ ကလေးတွေ စာသင်တဲ့အချိန်မှာ စာအပြင် အလုပ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေရအောင် လုပ်ပေးဖို့လိုပါတယ်။ တက္ကသိုလ်မှမဟုတ်ဘူး။ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအားလုံးက တက္ကသိုလ်မတက်နိုင်ဘူး။ တက္ကသိုလ် မတက်နိုင်ရင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီး အဖြေရမယ် ထင်ပါတယ် ဟု ပြောသည်။

 

အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို အမျိုးသားပညာရေးဥပဒေအရ ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အနေဖြင့် အမျိုးသားသင်ရိုးညွန်းတမ်းကော်မတီ၊ အမျိုးသား အရည်အသွေး အာမခံမှုနှင့် အရည်အသွေးထိန်းချုပ်ရေးကော်မတီနှင့် ပါမောက္ခချုပ်များ ကော်မတီတို့ကို ထပ်မံဖွဲ့စည်း၍ ပညာရေးနှင့်သက်ဆိုင်သည့် မူဝါဒများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ/ မင်းသစ်(MNA)