နေပြည်တော်၊ ၁၁ ဇွန်
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များတွင် သင်ကြားရေးနှင့် သုတေသန ဆိုင်ရာ သင်ထောက်ကူပစ္စည်းများဖြည့်တင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အမှန်တကယ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှသာ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်တိုင်းတွင် တူညီသောသင်ထောက်ကူပစ္စည်းများ တစ်ပြေးညီဖြည့်ဆည်း ပေးရန်လိုအပ်ပါကြောင်း၊ စက်ပစ္စည်းများမှာယူရာ တွင်လည်း မှာယူသည့်စက်ပစ္စည်းများ အချိန်မီ ရောက်ရှိရေး၊ ရောက်လာမည့်ပစ္စည်းများ စနစ်တကျထားရှိမည့်နေရာ ကြိုတင်သတ်မှတ်ရေးနှင့် စက်ပစ္စည်းများကို အကျိုးရှိထိ ရောက်စွာအသုံးပြုဆောင်ရွက်ရေး ဆိုင်ရာအစီအစဉ်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက လက်ဆင့်ကမ်းကြီးကြပ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက လိုအပ်သည်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာဦးစီးဌာနတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အခြေခံပညာကဏ္ဍ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အရည်အသွေးကောင်းမွန်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပညာရေးမိသားစုများက အပြုသဘောဆောင်သည့် မွန်မြတ်သောဆရာစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပညာရေးမှူးများနှင့် ခရိုင်ပညာ ရေးမှူးများက မိမိဒေသပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာဆရာမ လိုအပ်ချက်၊ အဆောက်အအုံ လိုအပ်ချက်နှင့် အခြားလိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


