ရန်ကုန်    ဇူလိုင်   ၂၆

မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်(MESF)   နှင့် PUBG Mobile တို့ ပူးပေါင်းကျင်းပသည့် တက္ကသိုလ်ပေါင်းစုံ Varsity Esports Championship-2026 Esports   ပြိုင်ပွဲကို   ယနေ့တွင် ရန်ကုန်တက္ကသိုလ် RC ခန်းမ၌ ဆက်လက်ကျင်းပရာ တက္ကသိုလ်ကိုယ်စားပြု အောင်မြင်မှုရရှိခဲ့ကြ သည့် အသင်းခြောက်သင်းအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ပြိုင်ပွဲအမျိုးအစားနှစ်မျိုးဖြစ်သည့် PUBG Mobile နှင့် Mobile Legend ပြိုင်ပွဲတို့ကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ တက္ကသိုလ်ကျောင်းသား ကျောင်းသူနှင့် လူငယ်ပရိသတ် ၁၀၀၀ ကျော် ကြည့်ရှုအားပေးကြသည်။

ယနေ့နံနက်ပိုင်း Mobile Legend ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန်ကျန်ရှိသည့်အသင်းများ ဆက်လက်ယှဉ်ပြိုင်ရာ  ချန်ပီယံအဖြစ် KMD College  အသင်း၊ First Winnerအဖြစ်YTV (ရန်ကုန်) အသင်းနှင့် Second Winner အဖြစ် DGU(Dagon University) အသင်းတို့က ဆွတ်ခူးရရှိသည်။

ညနေ ၆ နာရီခွဲတွင် PUBG Mobile ပြိုင်ပွဲကို  ဆက်လက်ယှဉ်ပြိုင်ရာ UIT(ရန်ကုန်) အသင်း၊ MMMC(ရန်ကုန်)အသင်း၊   KMD College၊ MIC(ရန်ကုန်)အသင်း၊ MIC(ရန်ကုန်)နှင့် TUMA (မိတ္ထီလာကောလိပ်)တို့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းသုံးသင်းမှ Champion၊ First  Winner  နှင့် Second Winner ဆုတို့ကိုဆွတ်ခူးရရှိကြသည်။

“တက္ကသိုလ်ကိုယ်စားပြုအနေနဲ့ အောင်မြင်မှုရရှိခဲ့ကြတဲ့အသင်း ခြောက်သင်းအတွက် ဂုဏ်ယူပါတယ်။ အောင်မြင်ခဲ့တဲ့အသင်းတွေဟာ လက်ရှိပရော်ဖက်ရှင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ပြီး အောင်မြင်တဲ့အသင်းဟာ နိုင်ငံကိုယ်စားပြုအသင်းအနေနဲ့ ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရမှာပါ။ အဖွဲ့ချုပ် အောင်မြင်မှုရရှိအောင် တစိုက်မတ်မတ်ကြိုးစားခဲ့တာ ယခုဆိုရင် ပရော်ဖက်ရှင်နယ်ပွဲတင်မဟုတ်ဘဲ ကျောင်းသားပွဲတွေကို ကျင်းပနိုင်ခဲ့ပါပြီ။ ပြင်ပ ပရော်ဖက်ရှင်နယ်တွေလိုတော်ကြတဲ့ တက္ကသိုလ်ကျောင်းသားမျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး သူတို့အတွက်လည်း အခွင့်အလမ်းများစွာ စောင့်ကြိုနေပါတယ်”ဟု  မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထက်လင်းက ပြောသည်။

တက္ကသိုလ်ပေါင်းစုံ  Varsity Esports Championship-2026 Esports ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့ကြသည့် တက္ကသိုလ်ကိုယ်စားပြု အသင်းခြောက်သင်းအား မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်က ဆုများကို ယခုရက်ပိုင်းအတွင်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး Season - 2 တက္ကသိုလ်ပေါင်းစုံ Esportsပြိုင်ပွဲကြီးကိုလည်း  ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                       

သတင်းစဉ်