တက္ကသိုလ်ပညာရေးစနစ် အဆင့်မြင့်မားဖို့

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးအဆင့်အတန်း မြင့်မားခြင်းသည်လည်း ရှေ့တန်းက ပါဝင်သော လိုအပ်ချက် တစ်ခုဖြစ်၏။ ပညာရေးစနစ်ကောင်းတစ်ခုသည် စာသင်သားတို့အား ဘဝကို ရင်ဆိုင်ဝံ့သည့်၊ အနုပညာကို မြတ်နိုးတတ်သည့်၊ ငြိမ်းချမ်းရေးကို လိုလားသည့်၊ ယဉ်ကျေးဖွယ်ရာသော လူကြီးလူကောင်းစိတ်ဓာတ်ကို ကိုးစားသည့်၊ လောကကို မြင့်မြင့်မားမား တည်ဆောက်နိုင်မည့် အတွေးအခေါ်အယူအဆ စသည့် သဘောထားတို့နှင့်အတူ အသိပညာ အတတ်ပညာများ ကို ပုံဖော်သင်ကြားပေး၏။

တက္ကသိုလ်ပညာရေးဟူသည် ကျောင်းဆောင်ကြီးများ ဟိန်းနေအောင် နိုင်ငံအနှံ့ ဆောက်ကာ မျှဖြင့် အောင်မြင်ဖြစ်ထွန်း လာမည် မဟုတ်သည်ကိုမူ သတိပြုရန်လိုပါသည်။ တက္ကသိုလ်ကျောင်း အဆောက်အအုံ၊ ကျောင်းဝန်းကျင် မြေခင်း အစီအမံများ၊ သင့်တင့်လျောက်ပတ်သော စာသင်ခန်းများ၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်း၊ လက်တွေ့ခန်း အစရှိသော ဘာသာရပ်ဆိုင်ရာ လိုအပ်သည့် သင်ထောက်ကူများ၊ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးတို့၌ ကျွမ်းကျင်ထက်မြက်သော ဆရာ ဆရာမများ အစရှိသည့် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များနှင့် တက္ကသိုလ်တစ်ခု၏ ပညာရပ်ဆိုင်ရာ အရိပ်အာဝါသ၊ ခေတ်မီသင်ရိုးနှင့် ရည်ညွှန်းများ စသည်စသည်တို့ကလည်း ပြည့်စုံလုံလောက်ရန် လိုအပ်ပါမည်။

ထို့ပြင် တက္ကသိုလ်ပညာရေး၏ အသက်မှာ သုတေသနပြုနိုင်ရေး ဖြစ်ပြီး ကျောင်းသားများသာမက ဆရာများကိုယ်တိုင်က သုတေသနလုပ်ငန်းများနှင့် လုံးထွေးနေရသော သဘောသဘာဝရှိပါသည်။ ဆရာများကိုယ်တိုင် သုတေသန၏တန်ဖိုးကို နားလည်ရင်းနှီးနေပါမှ ကျောင်းသားများကို သုတေသန လုပ်ငန်းရပ်များတွင် တက်ကြွကျင်လည်သူများ၊ ပညာဆည်းပူး လိုသူများဖြစ်ရန် လမ်းညွှန်နိုင်မည် ဖြစ်ပါသည်။

နိုင်ငံတကာစံနှုန်းများအရလည်း တက္ကသိုလ်ဟုဆိုလျှင် မဟာဘွဲ့အစရှိသည့် ဘွဲ့လွန်များကို သင်ကြားရယူနိုင်ပြီး ထိုဘွဲ့လွန် တို့အတွက် လိုအပ်သော သုတေသနပြုမှုများက မလွဲမသွေ ပါဝင်နေရမည်ဖြစ်ပါသည်။ သုတေသနလုပ်ငန်းရပ်များနှင့် တွဲဖက်မနေသော တက္ကသိုလ်ဟူ၍မရှိပါ။

သုတေသနလုပ်ငန်းများကို အားပေးသည့် ပညာရေးစနစ်မျိုးကသာလျှင် နိုင်ငံ၏တိုးတက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သည့် ပညာတတ်များ ပညာရှင်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါသည်။

တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ တက္ကသိုလ်ဆရာ ဆရာမဆိုသည်မှာ သုတေသနလုပ်ငန်းများကို ခုံခုံမင်မင် ကြိုးစားဆောင်ရွက် လိုသူများဖြစ်မှသာ တက္ကသိုလ်နှင့်တူသည့် တက္ကသိုလ်ဖြစ်လာ မည်ဖြစ်ပါသည်။ အထူးသဖြင့်မူ တက္ကသိုလ် ဆရာ ဆရာများ။

သင်ကြားရေးတွင် အုပ်ချုပ်ရေးနှင့် ထွေးရောယှက်တင် ဖြစ်ခဲ့ကြရသည့် နှစ်ကာလကြာ တက္ကသိုလ် ပညာသင်ကြားရေး စနစ်တွင် များစွာသော တက္ကသိုလ်ဆရာ ဆရာမများသည် သုတေသနနှင့် ကင်းကင်းကွာကွာ နေခဲ့ကြရပါသည်။ အမှန်တော့ တက္ကသိုလ်ဆရာ ဆရာမဟူသည် သုတေသနအလုပ်များတွင် နှစ်မြုပ်လုပ်ကိုင်နေကြသူများ ဖြစ်နေသင့်သည် မဟုတ်ပါလား။

သည်လို သုတေသနလုပ်ငန်းများကို နှစ်မြုပ်လုပ်ကိုင်နေကြမည့် တက္ကသိုလ်ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းရေး အားပေးသည့် ပညာရေးစနစ်မျိုးဖြင့် နိုင်ငံတိုးတက်ကြီးပွားရေးအတွက် များစွာသော အထောက်အပံ့ကောင်းများ ရလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။      ။
(မြန်မာ့အလင်း)