နေပြည်တော် ၉ နိုဝင်ဘာ
၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ပညာရေး ဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးအရည်အသွေးမြင့်မားရေးအတွက် ကျရာကဏ္ဍတွင် ပါဝင်ဆောင်ရွက် နေသော ပညာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့၏သားသမီးများကို ယခုကဲ့သို့ပညာရေးတွင် ထူးချွန်အောင် ပြုစုပျိုးထောင်နိုင်မှုအား ပညာရေးဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘာသာစုံဂုဏ်ထူး ဖြင့် အောင်မြင်ကြသော ကျောင်းသားကျောင်းသူများအနေဖြင့် ယခုအောင်မြင်မှု တစ်ခုတည်းဖြင့် မတင်းတိမ်ဘဲရှေ့ ဆက်ရမည့် ဘဝခရီးလမ်းတွင် ကျရာကဏ္ဍက ထူးချွန်အောင်မြင်အောင် ကြိုးစားဆောင်ရွက် နိုင်ကြရန် လည်းလိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ကြသည်။
ယင်းနောက် ဂုဏ်ထူးရရှိခဲ့သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည်။
ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ထမ်းမိသားစုများ၏ သားသမီးများမှ ၂၀၁၈ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင်(၆၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁၅၈) ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၃၀၅) ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃၆၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၅၀)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၄၂၃) ဦး၊ ရိုးရိုးအောင်မြင်သူ (၄၇၈၈) ဦးတို့အား ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
