နေပြည်တော် ဇန်နဝါရီ ၇
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူး၊ တွဲဖက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမှတ် ၁၄ အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲခန်းကြီးကြပ်မည့် ဆရာဆရာမများ အဆင်ပြေ ချောမွေ့စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြု ဆောင်ရွက်ကြမည့်သူများက ပံ့ပိုးဖြည့်ဆည်း ကူညီဆောင်ရွက် ပေးကြစေလို ကြောင်း၊ စာမေးပွဲစည်းမျည်းစည်းကမ်းနှင့်အညီ မေးခွန်းလုံခြုံမှုရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စာဖြေသူများ၏ ရှိ၊ တက်၊ ပျက်စာရင်းများကို မှန်မှန်ကန်ကန်ဖြစ်စေရန် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
စာမေးပွဲဖြေဆိုစဉ်အတွင်း စာမေးပွဲအခန်းအတွင်းသို့ တာဝန်ပေးအပ်ထားသည့် တာဝန်ကျ ဆရာဆရာမများ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှဝင်ခွင့်မရှိကြောင်း၊ စာဖြေသူနှင့် စာမေးပွဲလုပ်ငန်း အနှောက်အယှက်မဖြစ်စေရန် အထူးဂရုစိုက်ဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲကျင်းပစဉ် အတွင်း လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် စသည်ဖြင့်တွေ့ကြုံရပါက အရေးပေါ်ကာလအတွင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံစာ စစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ထံ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲမေးခွန်း နှင့် အဖြေလွှာများကို စနစ်တကျလွှဲပြောင်း၊လက်ခံမှတ်တမ်းဖြင့် သက်ဆိုင်ရာသို့လက်ဆင့်ကမ်းအပ်နှံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြီးမြောက်နိုင်ရေး အတွက် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲသင်တန်းသို့တက်ရောက်လာကြသည့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် အခမ်းအနားကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ မြန်မာ နိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမျိုးသန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးသက်လွင်နှင့် ဦးအောင်ထိုက်တို့က စာမေးပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က စာမေးပွဲဖြေဆိုခွင့်ဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က စာစစ်ဌာနလျာထား သတ်မှတ်ခြင်းနှင့် ကြီးကြပ်ရေးမှူးခန့်ထားခြင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက စာမေးပွဲမေးခွန်းလွှာဆိုင်ရာ ညွှန်ကြားချက်များကိုလည်းကောင်း ဆွေးနွေး ပို့ချကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဇော်ဝင်းနှင့် ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ တက္ကသိုလ်ဝင် စာမေးပွဲကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့မှ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက်မှ ၈ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)