တက္ကသိုလ်ဝင်စာမေးပွဲ သုညရာနှုန်းဖြစ်ခဲ့သည့် ကျောင်းများ၌ ဆရာအင်အားလိုနေ၍ အမြန်ခန့်ထားသွားမည်

မကွေး ၂ အောက်တိုဘာ 
 
၂၀၁၇-၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းအတွင်း၌ အောင်ချက်ရာနှုန်းသုညဖြစ်ခဲ့သည့် ကျောင်း(၁၆) ကျောင်းမှာ အထက(ခွဲ)နှင့်အထကကျောင်းများအဖြစ် အဆင့်တိုးမြှင့်ပေးထားသည့် ကျောင်းများဖြစ်နေပြီး အဆိုပါ ကျောင်းများတွင် ဆရာအင်အား လိုအပ်ချက် များပြားနေသည့်အတွက် အမြန်ခန့်ထားရေး ဆောင်ရွက်နေကြောင်း မကွေးတိုင်း ပညာရေးမှူးရုံးမှ သိရသည်။

 

 

 

“ အခုနှစ် အဆင့်တိုးဖွင့်တဲ့ အထက်တန်းကျောင်းတွေမှာ ဆရာ၊ ဆရာမ(၇)ယောက် ခန့်ရမှာ ဖြစ်ပါတယ်။ (၇) ယောက် မဟုတ်တောင် အနည်းဆုံး(၅)ယောက် ခန့်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် တစ်ယောက်မှ မခန့်နိုင်တဲ့ကျောင်း (၁၈)ကျောင်း ၊ တစ်ယောက်တည်းသာ ခန့်နိုင်တဲ့ကျောင်း(၁၄)ကျောင်း ၊ နှစ်ယောက်ခန့်နိုင်တဲ့ကျောင်း (၂၁)ကျောင်း ၊သုံးယောက်ခန့်နိုင်တဲ့ကျောင်း (၄၂)ကျောင်း ၊ လေးယောက်ခန့်နိုင်တဲ့ကျောင်း (၃၃)ကျောင်း ၊ ငါးယောက်ခန့်ထားတဲ့ကျောင်း (၄၈) ကျောင်း ရှိပါတယ်။ အောင်ချက်မြင့်မားရေးအတွက် လိုအပ်ချက်တွေထဲက တစ်ချက်ဖြစ်နေတာကြောင့် အမြန်ခန့်ထားနိုင်ရေး ဆောင်ရွက်နေပါတယ် ” ဟု မကွေးတိုင်းဒေသကြီး ပညာရေးမှူး ၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့် ကပြောသည်။
 
တစ်နိုင်ငံလုံးတွင် ကျောင်းအဆင့် တိုးပေးခဲ့သည့် ကျောင်းများ၏ ငါးပုံတစ်ပုံကို မကွေးတိုင်းမှ ရရှိထားပြီး ဖွဲ့စည်းပုံစာရင်းအရ လစ်လပ်ဆရာ၊ ဆရာမ ခြောက်ရာကျော်ရှိကာ တစ်ကျောင်းငါးယောက်ခန့်ထားရေး ရည်မှန်းချက်အရ မကွေးတိုင်းအတွင်း ဆရာ၊ ဆရာမ သုံးရာကျော် ခန့်ထားရေး ဆောင်ရွက်ရမည်ဖြစ်သည်။
 
“ ဒီလိုကြိုးစားတဲ့နေရာမှာ မကွေးတိုင်းထဲက  BE.d ဘွဲ့ရသူများ ၊ M.A ၊ M.Sc  ဘွဲ့ရသူများ ဒါတွေကို ဦးစားပေးခန့်ပါတယ်။ နောက်ပြီးတော့ BE.d ပထမနှစ်အောင်ပြီးလို့ ဒုတိယနှစ်တက်ဆဲတွေကိုလည်း ခန့်ပါတယ်။ ခန့်ပေမယ့်လည်း ဆရာ၊ ဆရာမတွေ ပြည့်အောင်မဖြည့်နိုင်ဘူး။ အကြောင်းအရင်းက ဒီလိုလပ်နေတဲ့ကျောင်းတွေကို လျှောက်လိုတဲ့ ဆန္ဒမရှိသူ များတဲ့အတွက် ကြောင့်ပါ။  သူတို့ဆန္ဒမပြုတဲ့အပေါ်မှာ ဇွတ်ခန့်လို့မရပါဘူး။ ဆရာ၊ ဆရာမတွေ မသွားကြ ၊ နေရာမယူကြတာကြောင့် ဆရာ အင်အား လစ်လပ်နေရတာလည်း ပါပါတယ် ” ဟု တိုင်းပညာရေးမှူး က သုံးသပ်ပြောကြားသည်။
 
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ လပ်လပ်နေရာများတွင် မကွေးတိုင်းအတွင်း ၊ လုပ်ငန်းခွင်မှ ဒေသခံ ဆရာဆရာမများကို ဦးစားပေးဖြည့်ဆည်းခန့်ထားမည်ဖြစ်ပြီး ခန့်ထားရန်မလုံလောက်ပါက ပြည်နယ်တိုင်းခြားမှ လာရောက်လိုသူများကို ဖြည့်စွက် ရန်စဉ်းစားသွားမည်ဖြစ်ကြောင်း ၊  လျှောက်ထားလာသည့် ဆရာ၊ဆရာမများ၏ အလုပ်အကိုင်တန်းစီဇယားအရ ၊ ဆန္ဒပြုနေရာ ဒေသအရ တိုင်းပညာရေးရုံး တာဝန်ရှိသူများနှင့် တိုင်ပင်ကာ ခန့်ထားရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး ပညာရေးမှူး ၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့် က ဆိုသည်။
 
မကွေးတိုင်းပညာရေး အခြေခံစာရင်းများအရ မကွေးတိုင်းအတွင်း၌ အထက်တန်းကျောင်း(၅၀၅)ကျောင်း ၊ အထက်တန်း ကျောင်းသား ကျောင်းသူ (၁၀ဝ၆၃၀)ဦး ၊ အထက်တန်းပြဆရာ၊ ဆရာမ(၃၂၄၂)ဦး ရှိကြောင်း သိရှိရသည်။
 
ဇေယျတု(မကွေး)