ဘားအံ ၁၅ မတ်
တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစ၍ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မတ် ၁၄ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုနေကြသည့် ရပ်ဝေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် အ.ထ.က(၁) ဘားအံ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသော အ.လ.က(၆)ကျောင်းတွင် တည်းခိုနေထိုင်သည့် အ.ထ.က(မင်းဇီ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမနှင့် မိဘအုပ်ထိန်းသူ ၇၅ ဦးအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ စာမေးပွဲဆိုင်ရာ အားပေးစကားများ ပြောကြားပြီး ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ငါးပိ၊ ငါးခြောက်၊ အာလူး၊ ငံပြာရည်၊ Premier Malt Milk အစရှိသည့် အဟာရဆိုင်ရာ အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ဘားအံမြို့နယ်အတွင်း အ.ထ.က(၁) ဘားအံစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသော အ.ထ.က(မုက္ကဒိ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၈၇ ဦးတို့သည် အ.မ.က-၁၂ ဘားအံတွင် လည်ကောင်း၊ အ.ထ.က(မိကရင်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၆၉ ဦးသည် မူလွန်(၄)ဘားအံတွင် လည်ကောင်း၊ အ.ထ.က(လှာကာ) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် အ.ထ.က(နို့အောလာ) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၈၂ ဦးသည် လှာကာဓမ္မရုံတွင် လည်ကောင်း၊ အ.ထ.က(တကောင်ဘိုး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၃၀ ဦးသည် အ.မ.က(မန္တလေးကုန်းကျောင်း)တွင် လည်ကောင်း၊ အ.ထ.က(ဝတ်ကြီး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၅၃ ဦးသည် အ.မ.က(ဇရပ်ဖြူ)ကျောင်းတွင် လည်ကောင်း၊ အ.ထ.က(ထုံးအိုင်) စာစစ်ဌာနတွင် လာရောက်ဖြေဆိုသော အ.ထ.က(ဖဲကတာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၉၇ ဦးတို့သည် အ.မ.က-ထုံးအိုင်(၃)တွင် လည်ကောင်း၊ အ.ထ.က(ဇာသပြင်)စာစစ်ဌာနတွင် လာရောက်ဖြေဆိုသော အ.ထ.က(ခွဲ)-ကော့လမုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၂၉ ဦးနှင့် အ.ထ.က(ခွဲ)- ဘုရားကုန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၈၄ ဦးတို့သည် ကွင်းကျောင်း ဘုန်းတော်ကြီးကျောင်းတွင် လည်ကောင်း အသီးသီး တည်းခိုနေထိုင်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်အတွင်း စာစစ်ဌာန ၅၀ ခုဖြင့် ကျင်းပပေးလျက်ရှိပြီး လုံခြုံရေး၊ ကျန်းမာရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)