ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနကကြီးမှူး၍ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးနိုင်၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ သွားရောက်၍ ကျောင်းဆောင်များ၊ ဝန်ထမ်းအိမ်ရာများအား မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်အသုံးပြုလျှင် ဂရုစိုက်ဆောင်ရွက်ရမည့်အချက်များနှင့် မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ၊ ရေရရှိရေးဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးဟိန်းထက်


