နေပြည်တော် ဇူလိုင် ၂
၂၀၂၂-၂၀၂၃ ပညာသစ်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်နေကြသည့် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင် စန်းက ၂၀၂၂- ၂၀၂၃ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင် (၃)ဦးအပါအဝင် ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၆၂)ဦးတို့ကို “ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်း” ဆိုသည့် မင်္ဂလာ တရားတော်နှင့်အညီ ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများ အနေဖြင့် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုရိုးစကားအတိုင်း နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းထမ်း ဆောင်ကြမည့်သူများဖြစ်ရာ ပညာထူးချွန်သော လူတော်လူကောင်းများ ဖြစ်လာစေရေး၊ ဘက်စုံထူးချွန်သူများ ဖြစ်လာစေရေး အစဉ်ကြိုးပမ်းသွားကြရန်၊ ကျောင်းသားကျောင်းသူများ အနေဖြင့် အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကို ကြိုးစားသင်ယူပြီး မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာကြစေရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူး ရရှိသူ ကျောင်းသား/ကျောင်းသူ (၁၆၂)ဦးကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား/ ကျောင်းသူ ၁၅၈၇၁ ဦးကို ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ဝန်ကြီး ဌာနမှ အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်း(၁၀)ဦးက အား ကစားနည်း(၇)မျိုးတွင် နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိ ခဲ့ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ခု ရယူပေးနိုင်ခဲ့သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူမှတ်တမ်းတင်ပါကြောင်း၊ ဆုတံဆိပ်များ ရရှိခဲ့သည့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများကို နိုင်ငံတော်အကြီး အကဲကလည်း ခမ်းနားကြီးကျယ်သည့် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ၍ ဆုတံဆိပ်အလိုက် ထိုက်တန်သည့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ အား ကစားပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ပြီး နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ကြ သဖြင့် ဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း၊ အားကစားသမားများ အနေဖြင့် အနာ ဂတ်တွင်လည်း ပိုမိုအရည်အသွေး ပြည့်ဝလာစေရန်၊ ရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို အခြေခံ၍ စံချိန်ကောင်းများ ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး ဆုရအားကစားသမားများကို ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဆုငွေများ ချီးမြှင့်ပေးအပ်သည်။
သတင်းစဉ်