တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် လျှောက်ထားထုတ်ယူနိုင်ရေးဆောင်ရွက်ထား

နေပြည်တော် ဩဂုတ် ၂၁

ကျင်းပပြီးစီးခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ၏ အောင်လက်မှတ်များနှင့် အမှတ် စာရင်းများကို စာတိုက်မှတစ်ဆင့် ထုတ်ပေးခြင်း လုပ်ငန်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (နေပြည်တော်)နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)တို့တွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် စီစဉ်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က ထိုသို့ပြောကြားခြင်း ဖြစ်သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ကျင်းပပြီးစီးခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေး ပွဲများ၏ အောင်လက်မှတ်နှင့်အမှတ်စာရင်းများကို ယခင်က နေပြည်တော်ရုံးချုပ်နှင့် ရန်ကုန် ရုံးခွဲတို့တွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက် လျှောက်ထားထုတ်ယူခွင့် ပြုခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူကိုယ် တိုင် လာရောက် ထုတ်ယူခွင့်မပြုဘဲ စာတိုက်များမှတစ်ဆင့် ထုတ်ပေးခြင်း ဖြစ်ပါကြောင်း။

အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ပြန်လည်ပေး ပို့ရာတွင် မြန်မာ့စာတိုက် လုပ်ငန်း၏ ပေးပို့ခပါဝင်ပြီး Smart Register စာအိတ်အသုံးပြုသွား မည်ဖြစ်ပါကြောင်း၊ အောင်လက်မှတ်၊ အမှတ်စာရင်းအတွက် နိုင်ငံတော်သို့ ပေးသွင်းရငွေနှင့် Smart Register စာအိတ်ဖိုးအပါအဝင် ကျသင့်နှုန်းထားများမှာ အောင်လက်မှတ်တစ်စောင် လျှင် ငွေကျပ် (၁၆၀၀) အမှတ်စာရင်း တစ်စောင်လျှင် ငွေကျပ် (၁၀၀၀) အောင်လက်မှတ်နှင့် အမှတ်စာရင်းတစ်စုံလျှင် ငွေကျပ် (၂၀၀၀) အောင်လက်မှတ် ပျောက်ဆုံး/ပျက်စီးသူများ အတွက် အောင်လက်မှတ် မိတ္တူ တစ်စောင်လျှင် ငွေကျပ် (၂၂၀၀) သတ်မှတ်ထားပါကြောင်း၊ အဆိုပါ ကျသင့်ငွေများကို မြန်မာ့ စာတိုက်လုပ်ငန်း၏ ငွေပို့လွှာ (Money Order)ဖြင့်သာ ပေးပို့စေမည် ဖြစ်ပါကြောင်း၊ အောင်လက်မှတ်နှင့် အမှတ်စာရင်း လျှောက်ထားရယူရန် လိုအပ်သည့်အချက်အလက်များနှင့် လျှောက်ထားရန် လမ်းညွှန်ချက်များကို မြန်မာစာတိုက်လုပ်ငန်း၏ စာတိုက်များတွင် ကြော်ငြာ ကပ်ထားပေးခြင်းဖြင့် လျှောက်ထားလိုသူများသည် နီးစပ်ရာစာတိုက်များတွင် သွားရောက် လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ရုံးများပြန်ဖွင့်ချိန်တွင် လုပ်ငန်းများ စနစ်တကျ လျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းနှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ရုံးပိတ်ရက်ကာလဖြစ်သော်လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၏ စာတိုက်များမှတစ်ဆင့် ပေးပို့လျှောက်ထားခွင့်ပြုလျက်ရှိပြီး သက်ဆိုင်ရာ လျှောက်ထားသူ များ ထံသို့ရုံးများဖွင့်လှစ်ချိန်တွင် စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးအောင်(ပညာရေး)