မန္တလေး   ၁၃    မတ်    

 

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ အားလုံးထူးခြားသော ကျန်းမာရေး အခြေအနေများရှိခဲ့လျှင် လိုအပ်သော စောင့်ရှောက်မှုများ ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

 “ ဆယ်တန်းစာမေးပွဲဖြေနေစဉ် ကာလမှာ ကျောင်းသားများရော ဆရာ၊ဆရာမများရော၊ ပညာရေး ဝန်ထမ်းများ အားလုံးကို ရောဂါလက္ခဏာနဲ့ ပတ်သက်တဲ့ ထောက်လှမ်းတဲ့လုပ်ငန်းတွေ လုပ်ကိုင်ပေးဖို့ ထူးခြားတဲ့ကျန်းမာရေး အခြေအနေရှိခဲ့ရင်လည်း ချက်ချင်းလိုအပ်တဲ့ ဆောင်ရွက်မှုတွေ ဥပမာ − ကျောင်းသားသီးသန့်ခွဲပြီး ဖြေဆိုတာမျိုးတွေ ဆောင်ရွက်နိုင်ဖို့တွေကို ဒီအစည်းဝေးကနေ ဆုံးဖြတ် ထားပါတယ်။ ” ဟု မတ် ၁၃ ရက်နေ့ မွန်လွဲ ၂ နာရီက ကျင်းပခဲ့သော COVID – 19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်စစ်ဆေးကုသရေး တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ ( Surveillance and Respond Team – SRT ) ၏ ၄/၂၀၂၀ ညှိနှိုင်း အစည်းအဝေးပွဲအပြီးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဇာနည်အောင်က ပြောကြားခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID – 19 ရောဂါဖြစ်ပွားပျံ့နှံ့မှုအား ကမ္ဘာ့ကပ်ရောဂါ ( Pandemic ) မတ်လ ၁၁ နေ့က သတ်မှတ်ကြေညာခဲ့သော်လည်း  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ မတ်လ ၁၃ ရက်နေ့ နံနက်ကြေညာချက်များအရ မြန်မာနိုင်ငံတွင် COVID – 19 ရောဂါ ဖြစ်ပွားသူအဖြစ် အတည်ပြုလူနာ မရှိသေးကြောင်း သိရသည်။

 

ကလေးတွေမှာ ကျန်းမာရေးအခြေအနေတွေ  စိစစ်ပေးဖို့ တကယ်လို့ နှာစေး၊ချောင်းဆိုးတို့ ကိုယ်ပူတာမျိုးဖြစ်တယ်ဆိုရင် ချက်ချင်း သတင်းပို့ပြီး သူတို့လိုအပ်ရင် နှာခေါင်းစည်းတွေစည်းပြီး ဖြေဆိုဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ စာစစ်ဌာနတွေ အားလုံးကို ရုံးကနေပြီးတော့ ညွှန်ကြားချက် တရားဝင် ထွက်ထားပါတယ်။ ကျောင်းသားတွေထဲကမှ မဟုတ်ဘူး။ ဆရာဆရာမတွေထဲက လက်ထောက်ကြီးကြပ်ရေးမှူးတွေထဲက ဒီလိုမျိုးကျန်းမာရေးနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ ရှိတယ်ဆိုရင် အနားပေးပြီး အလုပ်က ခနနားပြီး တခြားသူနဲ့ အစားထိုးပြီး ဆောင်ရွက်ဖို့လည်း ညွှန်ကြားချက်တွေ ရှိပါတယ်။ လက်ရှိ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေ အားလုံးကို ကြေညာထားပြီး  စာစစ်ဌာနတွေမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ကိုလည်း လမ်းညွှန်ထားပြီးသား ဖြစ်ပါတယ်။ ” ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင်က ပြောသည်။

 

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ရက်နေ့ စတင်၍ မြန်မာတစ်နိုင်ငံလုံး တွင် တစ်ပြိုင်နက် ကျင်းပလျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး၌ မြန်မာစာဖြေဆိုသောနေ့တွင် စာဖြေသူ (၁၂၇၅၆၀)ဦးရှိခဲ့ပြီး အင်္ဂလိပ်စာဖြေဆိုသောနေ့တွင် စာဖြေသူ (၁၂၇၄၃၈)ဦး ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

 

ထိပ်ထားနိုင်