ရန်ကုန်  ဇွန် ၉

 

၂၀၂၃ -ခုနှစ် မတ်လ ၈ ရက်မှ ၁၈ ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပခဲ့ရာ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနကျောင်းများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website တို့တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး ရန်ကုန်တိုင်း‌ဒေသကြီးအနေဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် ဒုတိယအောင်ချက်မြင့်မားသော တိုင်းဒေသကြီးတစ်ခုအဖြစ် ရလဒ်ရရှိခဲ့ ကြောင်း သိရသည်။

 

၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖြေဆိုသူ ၂၃၈၀၇ ဦး ရှိခဲ့ပြီး အောင်မြင်သူ ၅၇၂၁ ဦးရှိ၍ ၆၄ ဒသမ ၂၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

 

 “Grade 11 စနစ်ဟောင်းဒသမတန်း တက္ကသိုလ်ဝင်နောက်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၂၃၈၀၇ ဝင်ရောက်ဖြေဆိုတဲ့အခါမှာ ၅၇၂၁ ဦး‌အောင်မြင်တဲ့ အတွက် ရာခိုင်နှုန်းအားဖြင့် ၆၄ ဒသမ ၂၀ ရာခိုင်နှုန်းရရှိတဲ့အပေါ်မှာ ဝမ်း‌မြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ကလေးတွေလည်း ဆက်လက်ပြီး အဆင့်မြင့် ပညာများကိုသင်ယူပြီး နိုင်ငံ့အကျိုးကို ထမ်းဆောင်နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲဆိုတာ နိုင်ငံရဲ့အခြေခံပညာမှာ အမြင့်ဆုံးစာမေးပွဲ National Examဖြစ်ပါတယ်။ စာမေးပွဲမှာ ကြိုးကြိုးစားစားနဲ့ ဖြေဆိုပေးကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ပံ့ပိုးပေးကြတဲ့ မိဘများနဲ့ လုံခြုံရေးကအစ အစစအရာရာအားလုံးပံ့ပိုးပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊  မြို့နယ်အသီးသီးက တာဝန်ရှိသူများအားလုံးကိုလည်း ပညာရေးဌာနအနေနဲ့ ကျေးဇူးအထူးတင်ပါ တယ်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့ အခါမှာလည်း ရန်ကုန်တိုင်းအနေနဲ့ ကောင်းမွန်တဲ့ရလဒ်များရရှိအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောကြား လိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ် အောင်က‌ ပြောကြားသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို နံနက် ၆ နာရီတွင် သက်ဆိုင်ရာမြို့နယ်များရှိ စာစစ်ဌာန ကျောင်းများ၌ တစ်ချိန်တည်းကပ်ထားပြီး ထိုနေ့ နံနက် ၄ နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားရှိသည်။ ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာရင်းထွက်သော နေ့တွင် ကြေညာပေးပြီး အောင်စာရင်းကြည့်ရှုရန် လာရောက်စဉ် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာကူညီပေးရန် မိဘပြည်သူတို့ထံ ပန်ကြားထားကာ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်း သည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း  သိရသည်။

ဓာတ်ပုံ - ကနူး   

- ညိမ်းသူ ( သတင်းစဉ် )