ပုလော ၁၄ မတ်
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ရှပ်ပုံကျေးရွာတွင်တည်ရှိနေသော ရှေးဟောင်းဖိုးရှမ်းဘုရား (ဆုတောင်းပြည့် ရေလယ်စေတီတော်)၊ ဖိုရှမ်းကမ်းခြေသို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး၍ ကျောင်းသား၊ ကျောင်းသူများက မိသားစုဝင်များ၊ သူငယ်ချင်းများဖြင့်လာရောက်အပန်းဖြေ လည်ပတ်သူများ များပြားလျက် ရှိကြောင်းသိရသည်။
ရှေးဟောင်းဖိုးရှမ်းဘုရားသည် တနင်္သာတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဖိုးရှမ်းကမ်းခြေအနီး ရေလယ် ကျွန်းပေါ်တွင် တည်ရှိနေသောဘုရားဖြစ်သောကြောင့်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည့်အခါ ဘုရားဖူး လာသူများ သွားလာရေး အဆင်ပြေစေရန် ကမ်းခြေမှ ဝါးတံတားများဖြင့် ပြုလုပ်ဆောင်ရွက်ပေးထားပြီး ပင်လယ်ရေ မျက်နှာပြင် ကျနေသည့် အချိန်များတွင် ကမ်းခြေအောက်ဘက်မှ သွားရောက် ဖူးမျှော်နိုင်ကြောင်း သိရသည်။
ကမ်းခြေအနီးအနားတွင်လည်း စာသောက်ဆိုင်ခန်းတန်းများဖြင့် လာရောက်အပန်းဖြေ သူများအတွက် ဒေသထွက် ပင်လယ်စာများ ဝယ်ယူသုံးဆောင်နိုင်ပြီး၊ ဖိုးရှမ်းကမ်းခြေရောက် အမှတ်တရ အင်္ကျီများ၊ ခရုခွံများဖြင့် ဖန်တီးပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်း၊ ကမ်းခြေဦးထုပ်များနှင့် ရေကူးအပန်းဖြေသည့်အခါ ဘေးအန္တရာယ် ကင်းရှင်းအောင် လေထိုးဘောကွင်းများကို ဌားရမ်းပေးလျက်ရှိကြောင်းကို သိရသည်။
အဆိုပါ ရှေးဟောင်းဖိုးရှမ်း ကမ်းခြေဘုရား၊ ဖိုးရှမ်းကမ်းခြေသည် နေ့ချင်းပြန်သွားလာနိုင်သည့် ခရီးအတို ဖြစ်၍ ဒေသခံပြည်သူများ အပါအဝင် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများ၊ ပုလောမြို့သို့လာရောက် လည်ပတ်ကြသည့် ခရီးသွား မိဘပြည်သူများအနေဖြင့် အလည်ပတ်သွားလာ အပန်းဖြေစရာနေရာအဖြစ် ထင်ရှားလျက်ရှိပြီး၊ ဒေသခံများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးသည့် ရပ်ဝေး၊ ရပ်နီးမှ ကျောင်းသား လူငယ်များနှင့် ပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)