ညောင်ဦး   ဖေဖော်ဝါရီ   ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တက်မရေနံမြေ ရေနံလက်ယက်တွင်း တိမ်လုပ်ငန်း ဧရိယာအတွင်း ရေနံတွင်း မီးလောင်မှု ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနံတွင်းမီးလောင်ရာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ အထောက်အကူပြုယာဉ် တစ်စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့သည်။

ဖြစ်စဉ်မှာ ဦးအောင်ကျော်စိုးပိုင် ရေနံတွင်း ရေနံခပ်လုပ်သား မောင်ချစ်ကို၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဆူးဝင်းအုပ်စု၊ ဝါးဘိုးကျေးရွာနေ ရေနံကျင်းအတွင်းမှ ရေနံစိမ်းများအား ရေနံခပ်ခွက်ဖြင့် ခပ်ယူနေစဉ် ရေနံငြမ်းစင်ပါ သံပူလီနှင့် ရေနံခပ်ခွက်ပါ သံကိုင်းတို့ ထိခပ်မိရာမှ မီးပွားထွက်၍ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ရေနံကျင်း လေးကျင်းအား ဆက်လက်ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးရဲဇော်ထွန်း၏ ရေနံလုပ်ကွက်မှ ၂၅ ကောင်ဂျင်ဒေါင်း အင်ဂျင် တစ်လုံး၊ ရေနံကလပ်ခုံ တစ်စုံ၊ ဟွန်ဒါရေစုပ်စက် တစ်လုံး၊ ၁၀ ပေပတ်လည် သက်ကယ်မိုး အကာမပါ ဆီခပ်တဲ တစ်လုံး၊ ရေနံစိမ်းပီပါ တစ်လုံး၊ ဦးဇော်မိုးဟိန်း၏ ရေနံလုပ်ကွက်မှ ၁၀ ပေပတ်လည် သက်ကယ်မိုး ဆီခပ်တဲ တစ်လုံး၊၂၅ ကောင် ချန်ချိုင်းအင်ဂျင် တစ်လုံး၊ ရေနံကလပ်ခုံ တစ်စုံ၊ ဆိုင်ကယ် တစ်စီး၊ ရေနံစိမ်းပီပါ နှစ်လုံး၊ ဦးအောင်ကျော်စိုး၏ ရေနံလုပ်ကွက်မှ ၂၅ ကောင် ဂျန်ချိုင်းအင်ဂျင်တစ်လုံး၊ ရေနံကလပ်ခုံတစ်စုံ၊ ၁၀ ပေ ပတ်လည် ဆီခပ်တဲတစ်လုံး၊ ရေနံစိမ်းပီပါ တစ်လုံး၊ ဦးနိုင်၏ ရေနံလုပ်ကွက်မှ ၂၅ ကောင် ဂျင်ဒေါင်း အင်ဂျင် သုံးလုံး၊ ရေနံကလပ်ခုံ နှစ်စုံ၊ ၁၀ ပေပတ်လည် ဆီခပ်တဲ နှစ်လုံး၊ ရေနံစိမ်းပီပါ ရှစ်လုံး စုစုပေါင်းရေနံခပ်တဲ ငါးလုံး၊ အင်ဂျင်စက်ခြောက်လုံး၊ ကလပ်ခုံ ငါးစုံ၊ ဟွန်ဒါစက် တစ်လုံးနှင့်ဆိုင်ကယ်တစ်စီးတို့ မီးလောင်ကျွမ်းခဲ့ကြောင်း စုစုပေါင်း ငွေကျပ် သိန်း ၆၁၃၅၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စေခဲ့သူ ရေနံခပ် လုပ်သား မောင်ချစ်ကိုအား ညောင်ဦး မြို့မရဲစခန်းမှ (ပ)၁၁/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)