နေပြည်တော် ၅ မေ
မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရန် ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ကြရာတွင် တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက်နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ မကြာခဏ ကွင်းဆင်းသွားရောက်ကာ ဒေသဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံလမ်းညွှန်မှာကြားလျက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မေလ ၃ ရက်နေ့က ထားဝယ်မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိ်ုင်းဒေသကြီးလွှတ်တော်၊ တရားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံလမ်းòန်မှာကြားခဲ့သည်။ နိုင်ငံတော်သမ္မတက ယနေ့ Globalization ခေတ်ကြီးတွင် ပြုပြင်ပြောင်းလဲမှုမလုပ်ဘဲနိုင်ငံတော် တိုးတက်၊ တည်ငြိမ်၊ အေးချမ်း၊ သာယာဝပြောနိုင်မည် မဟုတ်ပါ ကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုသည် မိမိတို့အားလုံး မဖြစ်မနေ အသိစိတ်ဓာတ်ရှိရှိဖြင့် လုပ်ကြရမည့်တာဝန်တစ်ခုဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒီမိုကရေစီစနစ်ကျင့်သုံးမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ခြင်းဖြစ်ပါကြောင်း၊ အလားတူ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှ မိမိတို့နိုင်ငံ ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ လူ့အခွင့်အရေးအသီး အပွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အားလုံးတန်းတူညီမျှ ခံစားခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မြန်တိုးတက်ရန်၊ အောင်မြင်ရန်အတွက်ဆိုလျှင် အားလုံးက ဝိုင်းဝန်း ကူညီပံ့ပိုးပြီး တက်ညီလက်ညီလုပ်နိုင်မှ မြန်မြန်ဆန်ဆန် တိုးတက်အောင်မြင်မည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတကြီး လမ်းညွှန်မှာကြားခဲ့သော အောင်မြင်ရေးခရီး လမ်းကို တက်လှမ်းနိုင်ရန်အတွက် အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်တွင်ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအားလုံး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် တက်ညီလက်ညီ လိုက်ပါဆောင်ရွက်နိုင်မှသာ အောင်မြင်မည်ဖြစ်သည်။ မဏ္ဍိုင်ကြီးသုံးရပ်နှင့်အတူ လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူများကလည်း ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြမှသာ အောင်မြင်မည်ဖြစ်သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် မူဝါဒချမှတ်ခြင်း၊ လုပ်ငန်းလမ်းညွှန်ခြင်းတို့ကို အဓိကဆောင်ရွက်ခြင်းဖြစ်၍ ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့နေသော တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များက ပြည်ထောင်စုအစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်နှင့်အညီ တိုင်းပြည်နှင့် လူထုအကျိုးကိုလက်တွေ့အကောင်အထည်ဖော်ကြရသည်ဖြစ်ရာ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက် မှန်ကန်မှု၊ မြန်ဆန်မှုတို့အပေါ်မူတည်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။
သို့ဖြစ်ရာ ဒီမိုကရေစီစနစ်တွင် ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖဖြစ်သည့် ပြည်သူလူထုက တာဝန်ပေးထားသောကြောင့်ပြည်သူ့တာဝန်များကို မိမိတို့ထမ်းဆောင်နေရခြင်းဖြစ်သည်ဟု ခံယူပြီး နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအားလုံးတွင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ လက်တွဲကြိုးပမ်း ဆောင်ရွက်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ကြေးမုံ