စလင်း ၂၂ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တမာချောင်ကျေးရွာ၌ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
တမာချောင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် မူလခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၈ ဒသမ ၃၀ ဖြင့် ပေ ၅၀ဝ ရှိ အဝီစိစက်ရေတွင်းတစ်တွင်း၊ အလျား ၁၀ ပေ၊ အနံ ၈ပေ၊ အမြင့် ၈ပေရှိသော ရေစက်ရုံတစ်ခု၊ ဂါလံ ၅၀ဝ၀ ဆံ့ အုတ်ရေကန်တစ်ခု နှင့် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများအား တင်ဒါအောင်မြင်သော မြင့်မိုရ်စံထားကုမ္ပဏီ မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးခိုင် က ပြောသည်။
အဆိုပါ စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ တမာချောင် ကျေးရွာရှိ အိမ်ခြေ ၁၄၆ အိမ်မှ လူဦးရေ ၅၈၉ ဦး တို့အတွက် သောက်သုံးရေဖူလုံစွာ ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)


