တမူး၊ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြို့မစည်ပင်သာယာစျေးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာလအတွင်း ဇွန်လ(၁၃)ရက်နေ့မှစ၍ (၄)လကြာ ယာယီပိတ်ထားရာမှ မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှု လျော့နည်းလာသည့်အတွက် အောက်တိုဘာ(၁၂)ရက်နေ့မှစတင်၍ ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်ရောင်းချခွင့်ပြုရာတွင် စျေးရောင်းချသူများနှင့်စျေးဝယ်သူများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရောင်းချနိုင်ရေး ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ရောင်းချကြရန်၊ သတ်မှတ်ထားသည့် နေရာများတွင်သာ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာမှ ရောင်းချကြရန်တို့ကို အသိပေးကြေညာထားပြီး စျေးသည်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက စျေးဆက်လက် ရောင်းချခွင့်ပြုမည် မဟုတ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျော်ကြီး