နေပြည်တော် ၅ ဖေဖော်ဝါရီ
မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက တမူးမြို့၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၊ မြင်ဖူပေါက်မြောင်းဘောင်အနီးတွင် လမ်းလျှောက်လာသူ အိန္ဒိယနိုင်ငံသား လွန်ဇာလာအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေး ၈၄ ပြားကို လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီက မူးယစ်တပ်ဖွဲ့စု(၂၃) တန့်ယန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ တန့်ယန်း-လားရှိုးသွား ကားလမ်းတွင် ခမ်းလူမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ ည ၇ နာရီက တပ်မတော်နှင့် မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်-မဘိမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၄/၃)တွင် ဒေါ်သန်းနု မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၆၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN