တမူး ၂၂ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် သနန်ကျေးရွာတွင် ကျေးလက်နေတောင်သူများ၏ လယ်ယာ ထွက်ကုန်များ ဈေးကွက်သို့အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်ဖောက်လုပ်နေသော ကျေးလက် ကုန်ထုတ်လမ်းအား စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၁နာရီက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း ဦးစီးမှူး ဦးဝင်းကျော်မျိုး၊ တမူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာခင် ၊ တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း နှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်းဖောက်လုပ်ရေးကော်မတီဝင် များနှင့်အတူ ကြည့်ရှု့စစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန် တိုင်းဦးစီးမှူးက မှာကြားခဲ့သည်။

အဆိုပါ သနန်ကျေးရွာ ကုန်ထုတ်လမ်းကို လမ်းအရှည် ၁ မိုင် ၄ ဖာလုံ အကျယ် ၁၂ ပေထု ၁၂ လက်မ မြေသား လမ်းခင်းခြင်းနှင့် ယင်းမြေသားလမ်းပေါ်တွင် ထုခြောက်လက်မ မြေနီကျောက်စရစ် လမ်းခင်းခြင်းလုပ်ငန်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉ - ၂၀၂၀ ခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၄ ဒသမ ၄ သန်းဖြင့် တင်ဒါအောင်မြင် သော MITကုမ္ပဏီက ဇန်နဝါရီလ ၁၅ရက်မှ စတင်၍ တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း ကပြောပြသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ် ပြီးစီးသွားပါက သနန်ကျေးရွာရှိ လယ်ယာမြေ ဧက ၇၃၁ မှ လယ်ယာ ထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း ကဆက်လက်ပြောပြ၍ သိရသည်။

ငြိမ်းသူ