တွံတေး အောက်တိုဘာ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းမကြီးပေါ်ရှိ အ.ထ.က (၁) ကျောင်းရှေ့တွင် ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေး ယာဉ်တော်ယာဉ်များ၊ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း (၁) ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် (၅) ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း (၁) ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် (၅) ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ဆီ ၆၀ သားတစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့် လည်းကောင်း၊ ကြက်ဥ ၁၀ လုံးတစ်ကဒ်ကို ၁၁၀၀ ကျပ်၊ ဆိတ်သားတစ်​​ပိဿာကို ၁၅၀၀ ​ကျပ်၊ အမဲသားတစ်ပိဿာကို ၁၂၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာကို ၁၁၀၀၀ ကျပ်ဖြင့် ရွေ့လျားစျေးကား Mobile Market ဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)