မောင်လူမွှေး(မြန်မာမှု)

 

တန်ဆောင်မုန်းလကို ပုဂံခေတ်ထိုး ကျောက်စာများတွင် “တန်ဆောင်မှုန်” ဟု ဝီသဇ္ဇနီ (ဝစ္စပေါက်) မပါဘဲ ရေးထိုး ကြ၏။ “တန်ဆောင်မုန်း၊ တန်ဆောင်မှုန်း” အရေးအခေါ်နှစ်ရပ် ကွဲပြားသော်လည်း သဘောတူပင်ဖြစ်လေသည်။ အင်းဝခေတ်လောက်တွင် “တန်ဆောင်မုန်း” ဟု “မှုန်း”တွင် ဟထိုးဖျောက်၍ ရေးလာကြ၏။ ပုဂံခေတ်ကရေးခဲ့သော “ဖုရှား” “နပဲပင်” ဟု ရေးသော ဝေါဟာရ အချို့တွင် “ရှား” “နှံ” တို့၌ ဟထိုး ဖျောက်ကာ “ဖုရား” “နပဲပင်” ဟု ရေးလာကြလေသည်။

 

 တန်ဆောင်တွင် “တန်” ပုဒ်သည် တန်လှပ်၊ တန်လျှပ်၊ သက်တန် ဆိုသည့် သဘောသွား၊ တန်နှင်ကနွေ (တနင်္ဂနွေ)၊ တန်နှင်လာ (တနင်္လာ) ကဲ့သို့သော နေ၊ နေ့ဟောအရောင် အလင်းရောင်ဟော “တန်” ပုဒ်နှင့် အလားတူဖြစ်ကြောင်းကို တရုတ်၊ တိဗက်၊ စီးယင်ချင်း၊ မွန်၊ ပလောင်၊ တင်ခုလ်နာဂ၊ လိုင်နာဂ စသည့် လူမျိုးစုများ၏ ဝေါဟာရများနှင့်ဆက်စပ် ၍ “အလင်းရောင်” ဟုအဓိပ္ပာယ်ရသည်။

 

“ဆောင်” ပုဒ်မှာ သယ်ဆောင်၊ ယူဆောင်၊ ထမ်းဆောင်၊ ရွက်ဆောင်၊ လက်ဆောင် စသည်တို့ကဲ့သို့ “သယ်ပိုး ထမ်းရွက်ယူငင်” သည်ဟူသော အဓိပ္ပာယ်ရသည်။

 

“မှုန်း” ပုဒ်သည် ခြေမှုန်း၊ ဖျက်မှုန်း၊ နှမ်းပဲမှုန်း စသည်ကဲ့သို့ ချေဖျက်ခြင်း သဘော၊ နံသာမှုန်း၊ ပန်းချီဆေးမှုန်း စသည်တို့တွင် သုံးသကဲ့သို့ပွားများခြင်းသဘော ဆောင်ကြောင်းကို လူမျိုးစုများ၏ဝေါဟာရ အသုံးအနှုန်းများနှင့် လည်းကောင်း၊ ပျို့ကဗျာလင်္ကာများမှ ဝေါဟာရ အသုံးအနှုန်းများကိုကိုးကား၍ လည်းကောင်း “…ထို့ကြောင့် တန်ဆောင်မှုန်းလ၊ တန်ဆောင်မုန်းလ၏အနက် မီးရှူး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပ စေသောလ၊ ထွန်းညှိသောလ၊ မီးထွန်း လ” ဟု ဆရာကြီး ဦးဖိုးလတ်က ဖွင့်ဆို ထားပေသည်။

 

ဝေါဟာရ လီနတ္ထဒီပနီကျမ်းပြု လှေသင်းအတွင်းဝန် ဦးခြိမ့်နှင့် ဆရာကြီး ဦးဖိုးလတ်တို့၏အဆိုမှာ တချို့လ ဝေါဟာရများ သဘောကြံဆမှုတွင် ကြိုက်ညီသည်ကို တွေ့ရပေသည်။

 

ကထိန် ။   ။ ဗုဒ္ဓလက်ထက်တော်အခါက ပါဝေယျတိုင်းသားဖြစ်သော ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်ကိုအကြောင်း ပြု၍ ကထိန်ဖြစ်ပေါ်လာလေသည်။ ဗုဒ္ဓ ဘုရားရှင် တစ်ဝါရတွင် ဗာရာဏသီပြည်မှ ဥရုဝေလတောသို့ တစ်ပါးတည်း ဒေသ စာရီကြွချီခဲ့စဉ်က လမ်းခရီးအကြားရှိ ကပ္ပါသိကမည်သောတောအုပ်၌ အပန်း ဖြေနေစဉ် ထိုညီနောင်သုံးကျိပ်နှင့် တွေ့လေသည်။ ထိုအထဲတွင် ၂၉ ယောက် မှာ အတွဲစုံညီ ဒွိယံဒွိယံ ဖြစ်သော်လည်း တစ်ဦးမှာမူ အဖော်မရှိ၍ အပျော်တွဲရန် (ပြည့်တန်ဆာ)ကို ခေါ်ယူခဲ့၏။ ထိုပြည့်တန်ဆာက သူတို့အလစ်တွင် ပစ္စည်းများကို ခိုးယူထွက်ပြေးသွား၏။ ထိုပြည့်တန်ဆာကို ရှာဖွေနေကြစဉ် ဘုရားရှင်နှင့် တွေ့ဆုံခြင်းဖြစ်သည်။ ဘုရားရှင်က အကျိုးအကြောင်းသိရှိရ သောအခါ “ကိုယ့်ဘဝကို ကိုယ်မရှာကြ ဘဲကိုး” ဟု ဩဝါဒခြွေတရားဟောရာမှ တရားရကာ အားလုံး ဧဟိဘိက္ခု ရဟန်း အဖြစ်ခံယူ၍ တိစီဝရိတ် (သင်္ကန်းသုံး ထည်သာဆောင်ခြင်း) စသော ဓုတင်တို့ ကို ကျင့်ဆောင်နေကြကုန်၏။

 

ကာလအတန်ကြာသော် ဘဒ္ဒဝဂ္ဂီ ရဟန်းတို့သည် ဘုရားရှင်အားဖူးမြော်ရန် ပါဝါမြို့မှ သာဝတ္ထိပြည်သို့ ကြွလာ ကြရာ ဝါမဆိုမီမရောက်နိုင်ကြ၍ ကြားဒေသဖြစ်သော သာကေတမြို့၌ ဝါကပ်ကြရ၏။ သာကေတမြို့နှင့် သာဝတ္ထိမြို့ကား ၆ ယူဇနာ (၄၈ မိုင်) ခန့်ကွာဝေး၏။ သီတင်းဝါလကျွတ်သောအခါမှ တစ်ဆင့်သွားကြရ၏။ ရှေးကဟောစာတွင်- “ပဝါရဏာပြုကြပြီး၍ သာဝတ္ထိသို့ ခရီးဆက်ကြကုန်ရာ လမ်း ခရီး၌ တိမ်လွှာယှက်ရုံ၊ ပဇ္ဇုန်ဆူလိုက်၊ ခြိမ်းရိုက်ထက်ကြိုး၊ သည်းထန်စွာ ရွာသွန်းသော မိုးကြီးနှင့်တွေ့၊ ရွှံ့ညွှန် ရေပြွမ်း ခရီးကြမ်း၌၊ သင်္ကန်းစိုရွှဲ၊ ဆင်းရဲ လှစွာ၊ ရောက်လာကြရာ ယင်းသို့ ရွှံ့နှစ် ညွှန်စေး၊ ညစ်ကြေးစွဲကပ်သော သင်္ကန်းများဖြင့် လမ်းပန်းမကောင်း၊ ညွန်ပြောင်း ထူပြော၊ ရွှံ့ရေပေါ၍ ပန်းမောခွေယိုင် အနိုင်နိုင် အားခဲ၍လာခဲ့ကြရာ…” ဟူသော ဗုဒ္ဓဝင်ဟောစာမှာကဲ့သို့ သင်္ကန်းဟောင်း နွမ်းဝတ်ရုံရာ အဆင်မပြေမှုများကို အကြောင်းပြု၍-

 

(၁) အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကိုထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းသွားနိုင်ကြပါစေ။

(၂) သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ ကင်းကြပါစေ စသောရည်ရွယ်ချက်တို့ဖြင့် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူရာမှ ကထိန်ခင်းခြင်း (ခ) ကထိန်ပွဲတော် ဖြစ်ပေါ်လာလေသည်။ (ဝဇီရဗုဒ္ဓိဋီကာဆရာဖွင့်ဆိုချက်အရ အဇာတသတ်မင်း လက်ထက် ဘုရားရှင် ၃၇ ဝါကျော် ဥရုဝါကျောင်းတွင် သီတင်းသုံးနေတော်မူစဉ် ကထိန်ပွဲတော်ဖြစ်ပေါ် လာကြောင်းလည်းတွေ့ရ)

 

ကထိန်ဆိုသည်မှာ ကထိနပါဠိ ဘာသာမှ ပါဠိပျက်အဖြစ်သုံးကာ (ကထိန=ကထိန်) ဟု သုံးခြင်းဖြစ်၏။ မြန်မာလို “ကောင်း၏” ၊ “ကောင်းခြင်း” ဟု ချီးကျူးဩဘာထောမနာပြုသော ဝေါဟာရဖြစ်၏။ သင်္ကန်းအဝတ်ကို ဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသည့်ကထိန်မှုနှင့်စပ်သမျှ အရာများကို ခြုံ၍ခေါ်ဝေါ်သော ဝေါဟာရ ဖြစ်လေသည်။

 

ကထိန်သည် ကာလဒါနမျိုးဖြစ်သည့် အပြင် ဝိနည်းကံနှင့်အညီ လှူဒါန်းရသည်။ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့် နေ့အထိ တစ်လတာကာလတွင်သာ လှူဒါန်းရသောအလှူဖြစ်ပေသည်။

 

ကထိန်ခင်းထိုက်သော သင်္ကန်း၊ ကထိန်လှူဒါန်းနည်း၊ ကထိန်အကျိုး အာနိသင်၊ ကထိန်သင်္ကန်းရရှိသော ရဟန်းတော်၏ အခွင့်အရေးစသည်ဖြင့် ကျယ်ပြန့်လှပေ၏။ ရှေးခေတ်က ကထိန်ခင်းသောအခါ ကထိန်အမေးအဖြေ ပြုကြရ၏။ ထိုအမေးအဖြေကို ရေးသား ပြုစုသော ဆရာတော်မှာ “ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့် သုဉ်းရပြန်လစ်၊ သုညခေတ်တွင်၊ ဖြစ်လာရ လေ၊ တို့တတွေသည်၊ သေသော်မှတည့် ဪ...ကောင်း၏”ဟု ရေးခဲ့သော ဆီးပန်းနီ(ဇီးပနီ)ဆရာတော် ဖြစ်ပေသည်။ ကထိန်အမေးအဖြေ အခြားမူများရှိသော် လည်း ဆရာတော်၏အမေးအဖြေမှာ သာမန်လူများ နားလည်လွယ်၍ အသုံး များပေသည်။

 

မသိုးသင်္ကန်း ။   ။ ဘုရားရှင် လက်ထက်က သံဃာတော်များကိုယ်တိုင် သင်္ကန်းများကိုချုပ်ဆိုးကြရသည်။ ကထိန်ခင်းရန်အတွက် လှူဒါန်းသောသင်္ကန်းကို ညသိပ်သိမ်းဆည်းမထားဘဲ လှူဒါန်းသည့်နေ့ အရုဏ်မတက်မီအတွင်း သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုကိစ္စများပြီးစီးအောင် လုပ်ဆောင်ရသော သင်္ကန်းကို မသိုးသင်္ကန်းဟုခေါ်လေသည်။ ထိုသင်္ကန်းချုပ်ဆိုးမှု နောက်တစ်နေ့အရုဏ်တက်ကျော်သွားပါက (ထမင်းဟင်းစသော အစားအစာများကို အချိန်မီမစားဘဲ အချိန်လွန်သည်အထိ ညသိပ်ထားသဖြင့် သိုးသွားသည့်အခါ ထမင်းသိုး၊ ဟင်းသိုး စသည်ဖြင့် ခေါ်ဆိုသကဲ့သို့)ပြုလုပ်ဆဲ သင်္ကန်းသည်သိုးသွားတော့သည်။ ထို့ကြောင့်မသိုးမီ အချိန်မီပြုလုပ်ရသော သင်္ကန်းကို မသိုးသင်္ကန်းဟု ခေါ်ကြလေသည်။

 

ပိဋကတ်တော်တွင်လာသော ထိုနည်း နှင်နှင်အကြောင်းအရာမှာ ကာဠုဒါယီ အမတ် ဂါထာ ၆၀ လျှောက်ထားချက်အရ ဗုဒ္ဓဘုရားရှင် ကပိလဝတ် ရွှေနန်းတော်သို့ ကြွမြန်းလာသောအခါ မိထွေးတော် ဂေါတမီက သင်္ကန်းကို ကိုယ်တိုင်ချုပ်ဆိုး ရက်လုပ်၍ သားတော်ကိုကပ်လှူမည့် အကြံဖြစ်ပြီး ဒုတိယအကြိမ်ကြွရောက် သောအခါ လှူဖြစ်ခဲ့ကြောင်းကို တွေ့ရ ပေသည်။ (ဥပရိပဏ္ဏာသပါဠိတော်-အဋ္ဌကထာ-ဒက္ခိဏဝိဘင်္ဂသုတ်) သို့သော် ထိုအချိန်တွင် ကထိန်သင်္ကန်းအလှူကို ဗုဒ္ဓဘုရားရှင် ခွင့်ပြုတော်မမူသေးပေ။ ထို့ကြောင့် ကထိန်နှင့်ဆက်နွှယ်နေသော မသိုးသင်္ကန်းသည်လည်း မပေါ်ပေါက် လာသေးပေ။

 

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားလာသောအခါ သာသနာကို လေးစားကြည်ညိုမြတ်နိုးသည့် ရှေးမြန်မာ ဘုရင်များသည် မိထွေးတော်ဂေါတမီ သင်္ကန်းစီစဉ်သကဲ့သို့ မသိုးသင်္ကန်း ရက်လှူပွဲကို တီထွင်ဖန်တီးခဲ့ကြဟန် တူပေသည်။ ထို့ကြောင့် မသိုးသင်္ကန်း လှူရာတွင် သံဃာတော်ကို လှူခြင်းမဟုတ်ဘဲ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကိုသာ လှူခြင်းဖြစ်ပေသည်။ မသိုးသင်္ကန်း ရက်လုပ်မှုနှင့်ဆက်စပ်၍ ကုန်းဘောင် ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် အကျယ်တဝင့် တွေ့နိုင်ပေသည်။ ထိုအကြောင်းအရာမျိုးကိုပင် နယ်လှည့်ရာဇဝင်တွင် - မသိုးသင်္ကန်းရက်လုပ်စဉ် သူ့ထက်ငါ အပြိုင်အဆိုင်လုပ်ဆောင်ရပုံ နှင့် ပျော်ပွဲရွှင်ပွဲကို…

 

“…ညဉ့်နှစ်ချက်တီး ဗဟိုရ်တော်သံ ကြားသည်နှင့်တစ်ပြိုင်နက် မျိုးစေ့ကြဲမြှောက်၊ ပင်ရောက်ပွင့်သီး၊ လုံးကြီးဝါ ပေါက်၊ ကောက်ယူမဆိတ်၊ အကြိတ်အဖန်၊ ပြန်လှန်တုံ့ပယ်၊ ရှယ်ခြင်း၊ ရက်ခြင်း၊ ဆိုးခြင်းစုံလင် အစီအရင်တို့ကို မသိုးသင်္ကန်းတော် ကြီးကြပ်ရက်လုပ်သည့် ကတော်မယားတို့ကိုလည်း ပုဝါအုပ်၊ ပိတ်အုပ်၊ သက္ကလတ်ခြုံထည်များ သနားတော်မူ၍ ဦးစွာပြီးသူတို့ ရွှေဖလားသနားတော်မူသည်။ မြင်းစုကြီးဝန်မယားမှာ ချည်ခင်ကို နေအိမ်က ဆောင်ယူလာ၍ ထည့်သွင်းရက်လုပ်ရန် မှတ်ထားသည်ကို တွေ့ရသောကြောင့် ရွှေနန်းတော်ကို လှည့်၍ ဒိုးပတ်နှင့် ကရသည်” ဟု ဖော်ပြ ထားလေသည်။

 

“ဒိုးပတ်နှင့်ကရရှာတဲ့ မြင်းစုကြီးဝန်မယားကို လှောင်ရင်း၊ ပြောင်ရင်း၊ အင်မတန်ပျော်ရမယ့်ပွဲဖြစ်ပါတယ်။ အဲဒီ ပွဲနှင့်တစ်ဆက်တည်း တန်ဆောင်တိုင် မီးပွဲဟာလည်း ပျော်စရာပါပဲ။ မီးပြာသာဒ် တွေ ထွန်းညှိပူဇော်ကြရတယ်…” စသည်ဖြင့် ဆရာကြီး ဒေါက်တာသန်းထွန်းက (နယ်လှည့်ရာဇဝင်-စာ-၃၀၈-၃၀၉) တွင် တန်ဆောင်တိုင်ပွဲ သမိုင်းမှတ်တမ်းကို လေ့လာတင်ပြ ထားသည်ကို တွေ့ရပေသည်။ ယနေ့ တိုင်လည်း မြန်ပြည်တစ်ခွင် တန်ခိုးကြီး ဘုရားစေတီအသီးသီးတွင် တိုင်းနှင့် ပြည်နယ်အလျောက် မသိုးသင်္ကန်း ကျင်းပပြုလုပ်ကြမြဲ ရှိပေသည်။

 

ပံ့သကူ ။   ။ တန်ဆောင်မုန်းလ၏ပွဲတော်ထဲတွင် ပံ့သကူ ပစ်ပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါ ၏။ ပွဲတော်ဟုသုံးရသော်လည်း လူစု လူဝေးများနှင့် ထင်ထင်ရှားရှား ပြုလုပ် သော ပွဲမျိုးမဟုတ်ပေ။ လူအများကွယ် ရာတွင်ဖြစ်စေ၊ ညအမှောင်တွင်ဖြစ်စေ၊ သင်္ကန်း စသည့်သံဃာအသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ်စွန့်ပစ် လှူဒါန်းခြင်းဖြစ်သည်။

 

ဗုဒ္ဓဘာသာတို့ကျင့်စဉ်ထဲတွင် ဓူတင် ၁၃ ပါးဟုရှိ၏။ ထို၁၃ပါးထဲတွင် ပံ့သကူ ဓူတင်သည်လည်းပါဝင်၏။ စွန့်ပစ်ပြီးသော အဝတ်အထည်ကို မြေမှယူ၍ ချုပ်ဆိုးဝတ်ရုံသော သင်္ကန်းကို (ပံသု= မြေမှုန့်၊ ကု=စက်ဆုပ်ရွံ့ရှာဖွယ်အဖြစ်သို့၊ ဥလ=ရောက်သောအဝတ်ပိုင်း) ပံ့သကူ ဟုခေါ်လေသည်။ ဗုဒ္ဓဝင်ဆိုင်ရာတွင် ပံ့သကူနှင့်ဆက်စပ်၍ ဘုရားရှင် အရှင် အနုရုဒ္ဓါ သီဟိုဠ်ကျွန်း ပံ့သကူပစ်ပွဲ စသည်ဖြင့် အခန်းကဏ္ဍအနေဖြင့် အကြောင်းအားလျော်စွာ တွေ့ရပေသည်။ ဗုဒ္ဓမြတ်စွာသည် ပရိနိဗ္ဗာန်မစံဝင်မီ ရှင်မဟာကဿပ တပည့်ကြီး (မဟာ သာဝက) အား မိမိ၏ထူးခြားသော ပံ့သကူ နှစ်ထပ်သင်္ကန်းကြီးကို ချီးမြှောက်ပေးအပ်တော်မူသော အခန်းကို သီတဂူ ဆရာတော်ကြီးက ဒဿနဆန်ဆန် ဟောကြားသွားရာ အလွန်မှတ်သား နာယူဖွယ်ရာ ဖြစ်ရပါ၏။

 

မြန်မာနိုင်ငံတွင် ပုဂံခေတ်သက္ကရာဇ်- ၅၆၃ ခု ထိုး သင်ကြီးညောင်အုပ် ကျောက်စာတွင် - “ပုရှာလေပြီဧအ်။ ပုထိုပ်လေပြီဧအ်။ က(ဓိ)န် ပင်္သကူလေ ပြီဧအ်” – (ဘုရားလဲတည်၏၊ ပုထိုး (စေတီ)လည်းတည်၏၊ ကထိန်ခင်း၍ ပံ့သကူလည်းလှူ၏။) ဟူသော ကျောက်စာအရ ပံ့သကူပစ်ကုသိုလ် ပြုသည့် အလှူဖြစ်ကြောင်းသိရပါ၏။ ပုဂံခေတ် နရသူမင်းနှင့် ပံ့သကူမထေရ် ဖြစ်ရပ်သည် မြန်မာ့သမိုင်းစဉ်တွင် ထင်ရှားပါ၏။ ထို့အတူ နရပတေ့စည်သူ မင်းလက်ထက်တွင် ပံ့သကူဆောင် ငစွယ်ရှင် ဆရာတော်မှာ ထင်ရှားလှပေသည်။

 

ဤသို့နှင့် ပံ့သကူဝေါဟာရသည် ခေတ်အဆက်ဆက် တည်ရှိလာရာ နောင်သော် ပံ့သကူသင်္ကန်းအဝတ် သာမက အသုံးဆောင်ပစ္စည်းများပါ ပံ့သကူပစ် လှူဒါန်းလာကြလေသည်။ ဥပမာ - သပိတ်ဆိုပါကလည်း ဆွမ်းပါ ထည့်၍ ပံ့သကူပစ်လှူလာကြတော့သည်။

 

ယခုအခါ ဘုန်းကြီးကျောင်းကန် ဘုရားတန်ဆောင်းနေရာများရှိ ရဟန်းသံဃာတော်များအတွက်သာမက လူများ အတွက်ပါ မြို့ရွာဒေသလမ်းမ လမ်းသွယ် တို့တွင် တန်ဆောင်မုန်းလပြည့်ည၌ ပံ့သကူပစ်လှူဒါန်း စွန့်ကြဲမှုများရှိလာ ရသည်ကို တွေ့ရပေသည်။ “စိတ်က ကြည်စွာ၊ စေတနာဖြင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးလှူခြင်းကား၊ ရခြင်းထက်သာ၊ လွန်ချမ်းသာ၏” ဆိုသည့်အတိုင်း တန်ဆောင်မုန်းလပြည့်နေ့ည စိတ်ချမ်း မြေ့ကြည်နူးစေသော ကောင်းသော လုပ်ဆောင်မှု ဖြစ်ကြပါ၏။

 

မီးထွန်းပွဲ ။   ။   တန်ဆောင်မုန်းလ မီးထွန်းပွဲတော်သည် ဗုဒ္ဓမပေါ်ထွန်းမီကပင် မဇ္ဈိမဒေသတွင် ထွန်းကားနေပြီ ဖြစ်ကြောင်းကို ဇာတ်တော်များတွင် တွေ့ရပေသည်။ ရှေးယခင်က သီတင်းကျွတ်လ မီးထွန်းပွဲ ထက် တန်ဆောင်တိုင်မီးထွန်းပွဲက ပို၍စည်ကား သိုက်မြိုက်မှုရှိနေကြောင်းကို မောင်းထောင်ဆရာတော်၏ အမေးတော်ဖြေကျမ်း (သီတင်းကျွတ်လတွင် ဖော်ပြခဲ့ပြီး)အရ သိရပေသည်။

 

တန်ဆောင်မုန်းလပြည့်နေ့သည် ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ်၍ ပြည့်ဝ၏။ ကြတ္တိကာ နက္ခတ်သဘောမှာ ပေါက်ကွဲစေတတ်သော၊ အလင်းရောင် ကွန့်မြူးသော၊ ပျော်ရွှင်မှုအားလုံး၊ ဆေးဘက်ဆိုင်ရာ စသည်များကို ညွှန်းဆိုပါ၏။ ထို့ကြောင့် နက္ခတ်ပွဲသဘင် ဆင်ယင်ကျင်းပကြ၏။ ဆေးပေါင်းခသည်ဟု မဲဇလီဖူးသုပ်စားကြ၏။

 

ထိုနက္ခတ်မှာ မိဿရာသီအဆုံးနှင့် ပြိဿရာသီ အစတွင်တည်ရှိ၏။ တာရာကြီး ကိုးလုံးအနက် ကျီးတာရာအဝိုင်း အဝန်းတွင်တည်ရှိ၏။ မုံရွေးဆရာတော် ၏ အာကာသသျှတ္တရကျမ်းတွင် “ကြတ္တိ ကာကား၊ ခုနစ်ဖြာမှတ်သား၊ လုံးရေပြား ၏၊ ကြက်သားစုမျှ၊ ဓညဝတီ၊ ပြည်အမီ တည့်” ဟုဆို၏။ အရပ်သားအများ သိကာမူ “ဖျောက်ဆိပ်ကြယ်စု” ဟုခေါ် ကြ သိကြ၏။ အနောက်တိုင်း နက္ခတ် ရှင်များကမူ “The Pleiades” ဟုခေါ် ၏။ ထိုကြတ္တိကာ နက္ခတ်ကို “ဒဟနိ” မီးနတ်က စောင့်သည်ဟု ရာဇမတ္တဏ် ကျမ်းကဆို၏။ ဆန်းအလင်္ကာကျမ်းတွင်လည်း (ရာ=ရဂိုဏ်း၊ မီး=မီးနတ်သား၊ ကြတ်= ကြတ္တိကာနက္ခတ်) ဤသဘောပင်ပြ၏။

 

ထိုမီးနတ်သားသည် တန်ဆောင်မုန်း လတွင် လူ့ပြည်သို့ နှစ်စဉ် တစ်ကြိမ် ဆင်းမြဲဟုဆိုသည်။ ဤသည်ကို အကြောင်းပြု၍ မီးပူဇော်ပွဲလုပ်ကြသည် ဟုဆိုပေသည်။ ဤအယူအဆသည် ဤမျှသာခံယူပါက ဒဏ္ဍာရီသာဖြစ်ပေ မည်။ ထိုဒဏ္ဍာရီတွင် လုပ်ဆောင်မှု သဘောများ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာများ အများအပြားပင်ရှိပေသည်။

 

ကမ္ဘာကျော် ဟိတောပဒေသ ကျမ်းကြီးကိုအခြေခံ၍ အသောကအင်ပါယာကြီး ဖြစ်ပေါ်ခဲ့သည့် သမိုင်းရှိခဲ့ပြီ။ ဟိတောပဒေသသည် တိရစ္ဆာန် များ စကားပြောသော ဒဏ္ဍာရီပုံပြင်များ ဖြစ်၏။ ဤတွင်လည်း ကြတ္တိကာနက္ခတ် မီးနတ်သားမှာ ဒဏ္ဍာရီပုံပြင်ဖြင့် (Symbol) သဘောထားများကို ပေးထားသော အကြောင်းအရာများဖြစ်သည်ကို သတိမူရာ၏။

 

ကြတ္တိကာနက္ခတ်ကို အကြောင်းပြု၍ (အချက်အလက်ပါဝင်ခြင်း) ဖျောက်ဆိပ်ပေါ်၊ ဖျောက်ဆိပ်မွန်းတဲ့၊ ဖျောက်ဆိပ်မြေလူး စသည့်သင်္ကြန် တွက်ရိုးများ ဖြစ်ပေါ်လာပေ၏။ ထိုကိုအကြောင်းပြု၍ တောင်သူလယ်သမားတို့၏စိုက်ပျိုးရေးဆိုင်ရာ၊ မိုးလေဝသ ဆိုင်ရာများ သိကြရ၏။ ရာသီမသိပန်းနှင့် ညှိကြ၏။

 

ဖော်ပြပါ မီးနတ်မင်းသည် လူ့ပြည်ကြွလာသောအခါ သူ့မိတ်ဆွေကြီးဖြစ် သော မဲဇလီပင်စောင့်နတ်မင်းထံမှာ တည်းခိုလေ့ရှိ၏။ ထိုအခါ လူ့ပြည်မှာရှိသည့် နတ်အပေါင်းသည် မဲဇလီပင် သို့လာရောက်၍ နှုတ်ခွန်းဆက်သလာကြ၏။

 

ယင်းသို့ မီးနတ်ကြီးနှင့် တန်ခိုးကြီး နတ်များဟိတ်ကြောင့် မဲဇလီပင်၏ အကိုင်းအခက် အညွှန့်အဖူးတို့သည် ထူးကဲသည့်တန်ခိုးသတ္တိနှင့်ပြည့်စုံသည် ဟု ယူဆကြသည်။ ဆေးပေါင်းခသည့် အပင် ၉၆-ပါး ဝေဒနာပပျောက်သည်ဟု ယူဆကြသည်။ ဤသည်မှာလည်း မဲဇလီပင်၏ဆေးအာနိသင်ကို သာရ ကောမုတိ၊ ဓာတွန္တရီ၊ ဩသဓ ရတနာကရ စသော ဆေးကျမ်းများတွင်ပြဆို၏။ ဤသဘောကို ပုံပြင်အနေနှင့် ရှေးပညာရှင်များက ဖော်ပြခဲ့ကြ၏။ ဤသို့ ရှေးမြန်မာမှုဆိုင်ရာများကို ဒဿန အတွေးဖြင့် ဆင်ခြင်ယူဆ၍ နားလည်ရာ၏။

 

ထို့အတူပင် ကျီးမနိုးပွဲသည်လည်း ကြတ္တိကာနက္ခတ်ကို အကြောင်းပြု၍ ပေါ်ပေါက်လာသော ပျော်ပွဲရွှင်ပွဲမျိုးဖြစ်သည်။ ကြတ္တိကာနက္ခတ်သည် ပျော်ရွှင် ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဆူပွက်လှုပ်ရှားလွယ်ခြင်း အကြောင်းခြင်းရာများလည်း ဆက်စပ်ပေသည်။ များသောအားဖြင့် လပြည့်နေ့များသည် “Super Moon” အကြောင်းခြင်းရာများကို ဖြစ်စေသည်။

 

မဟော်သဓာဇာတ်တော်တွင် လပြည့် ည အကြောင်းခြင်းရာကို စိတ်ရောဂါ နှင့် ဖော်ပြသော အခန်းကဏ္ဍတစ်ခု ရှိသည်။ အနောက်တိုင်းဆေးပညာ တွင်လည်း “Luna=လကို အခြေခံသော” စိတ်ရောဂါတစ်မျိုးရှိသည်ဟု သိရသည်။ လပြည့်၊ လကွယ် ဥပုသ်စောင့်ခြင်း စသည်များသည် ထိုလနှင့်ဆက်စပ်သော စိတ်အစဉ်ကို ထိန်းချုပ်သည့် ဘာသာရေးကျင့်စဉ် ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထိုနက္ခတ်နှင့်ဆက်စပ်သော အကြောင်းအရာများကို ရှေးမြန်မာ ကြီးများသည် သိခဲ့ကြသည်။ ထိုသည်ကို အကြောင်းပြု၍ စိတ်ထွက်ပေါက်အနေဖြင့် ကျီးမနိုးပွဲကို ပြုလုပ်ကြသည် ဟု ဝေဒရှုထောင့်မှ သုံးသပ်ကြသည်ကို တွေ့ဖူးသည်။

 

အထက်ဖော်ပြပါ အကြောင်းခြင်းရာများတွင် ကောင်းသောသဘောကိုဆောင် သော၊ ယဉ်ကျေးမှုကို အထောက်အကူ ပြုသော၊ အများပြည်သူကို အကျိုးပြုသော အကြောင်းခြင်းရာ မြန်မာမှုများကို သယ်ဆောင်သွားကြပါစို့ဟု နိဂုံး ချုပ်အပ်ပါသတည်း။