ရန်ကုန် နို၀င်ဘာ ၁၅

ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။ 
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှ စတင်၍ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူဇော်မည့် မသိုးရွှေကြာ သင်္ကန်းတော်များကို ကိုင်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက အာရုံခံတန်ဆောင်း မုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားတို့အား ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီ တော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီများအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့များက အာရုံဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရေစက်ချအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ အနုမောဒနာတရား နာယူပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၏ အကြိမ် (၄၀) မြောက် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက မသိုးရွှေကြာသင်္ကန်းတော်များကို စေတီတော်တစ်ပတ် လက်ရာရစ်လှည့်လည် ပူဇော်ခံပြီး စေတီတော်ပရဝဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား မသိုးရွှေကြာသင်္ကန်း တော်များ ကပ်လှူပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ ဝင်များသည် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဆုများပေး အပ်ချီးမြှင့်ကြသည်။
အလားတူ သင်္ဂါယနာသာသနာ့ သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ကြီး၏ (၂၄) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား မသိုးရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၏ သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ(နေနတ်သားဆရာတော်) ဘဒ္ဒန္တ သုစိတ္တ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြ၍ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြကာ ဂေါပကအဖွဲ့ဝင်များသည် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နေနတ်သားဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့ပြင် မဟာဝိဇယစေတီတော်၊ ဆူးလေစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊မင်းဓမ္မကုန်းရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင် စေတီတော်နှင့် ဆုတောင်းပြည့်မယ်လမုစေတီတော် ကိုးထပ်ကြီးဘုရားတို့တွင်လည်း ယနေ့နံနက်ပိုင်းမှစတင်ပြီး စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များက တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့ အခမ်းအနားများကို ကျင်းပကြကာ သာမညဖလ သုတ္တန်ဒေသနာတော်များကို ရွတ်ဖတ်မေတ္တာပို့ဆု တောင်းကြသည်။ 
တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဘုရားစေတီများ၌ မသိုးရွှေကြာ သင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ သာမညဖလ အခါတော်နေ့ ပူဇော်ပွဲများ၊ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲများနှင့် ရပ်ကွက်အလိုက်၊ လမ်းအလိုက် စုပေါင်း၍ မဟာဘုံကထိန် အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ထို့ပြင် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရား၊ စေတီများတွင် အလှူရှင်များက ဘုရားဖူးလာပြည်သူများအားစတုဒိသာများကျွေးမွေးကြခြင်း၊ ရုံးများ၊ ပန်းခြံများ၊ ရပ်ကွက်၊ လမ်းနှင့် လူနေအိမ်များ၌ လျှပ်စစ်ရောင်စုံ မီးအလှများ၊ ဆီမီးခွက်များ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြပြီး လမ်းအလိုက် နိဗ္ဗာန်ဈေးပွဲတော်များကို စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။ 
သတင်း၊ ဓာတ်ပုံ ဇော်မင်းလတ် (MNA)