နေပြည်တော်  နိုဝင်ဘာ ၁၉

တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင် မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီးအမှူးပြုသော ပရိသတ်တို့ အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူ သောနေ့ထူးနေ့မြတ်ဖြစ်သည်။

အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူခြင်း၊ ကထိန် ခင်းခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစားအား ထုတ်ဆောင်ရွက်ကြလေ့ရှိသည်။

 ယနေ့ ကျရောက်သည့် ၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင်  နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဗုဒ္ဓဂါယာ (နေပြည်တော်) မဟာသကျရံသီ ရပ်တော်မူရုပ်ရှင် တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၊ ရန်အောင်ချမ်းသာဘုရား၊  ဓါတုစယ ဓါတ်ပေါင်းစုစေတီတော်၊  ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင်တန်ခိုးကြီး ဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီတော်၊ သံသရာငြိမ်းအေး စေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော် ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊  မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်း ကန်ဇရပ်များသို့ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင် ဒေသများမှ ဘုရားဖူးလာရောက်ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆရာတော်သံဃာတော်များအားဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၃) ကြိမ်မြောက် တန်ဆောင်တိုင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီ ၄၅ မိနစ်တွင် အဆိုပါ စေတီတော်လှိုဏ်တော်၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ သာသာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန် နှင့်တာဝန်ရှိသူများက စေတီတော်လိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာရုပ်ပွားဆင်းတုတော်များနှင့် စေတီတော်အရှေ့ မြောက်ထောင့်ရှိ မဟာဆုတောင်းပြည့်ဘုရားကြီးအား တန်ဆောင်တိုင်ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ်တော်ဖြင့်  ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်၊ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တဇနိန္ဒထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားတော်မူသည့် မေတ္တသုတ်ပရိတ်တော်နှင့် ဘုရားဂုဏ်တော်များကို နာယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသောဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ တရားနာယူ ကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ထို့ပြင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏  ပရဝုဏ်အတွင်းရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၌ ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန်ကုန်ဆိုင်များနှင့် အမှတ် တရပစ္စည်းအရောင်းဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ဘုံကထိန်များလှည့်လည်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ ကျင်းပခြင်း၊ Ocean Super Center   Juction  Center Naypyitaw Wholesale တို့တွင် ဈေးလာဝယ်ကြသူများနှင့် မင်္ဂလာကန်တော်တွင် အပန်းဖြေလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး စေတီတော်ရင်ပြင်တွင် ဘုရားရှင်အား ရည်မှန်း၍ ဆီမီး (၉၀ဝ၀) ပူဇော်ကြရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ညပိုင်းတွင်လည်း အဆိုပါဘုရားများ၌ ဆီမီးပူဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးနှင့် မီးရောင် စုံထွန်းညှိပူဇော်ကြသူများ၊ မဲဇလီဖူးသုပ်ဒါနပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးလာရောက်ကြသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်း စည်းများဖြန့်ဝေခြင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းတို့ကို ဆောင်ရွက်ပေး ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာကုသိုလ်ပြုနိုင် ရန် လုံခြုံရေးဆောင်ရွက်ပေးလျက်သည်။     

သတင်း -ဟိန်းဂျိုင်း

ဓာတ်ပုံ- ကိုကိုအေး