ညောင်ဦး ၁၂ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုလင်း(အနောက်) ကျေးရွာအနီးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်မကြီး ခင်ရှုမွေးမှ နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီခွဲတွင် ဆင်ပေါက်လေးတစ်ကောင် မွေးဖွားခဲ့ကြောင်း လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးက ပြောသည်။
ပလင်းကမ်းသာယာ ဆင်စခန်းဖွင့်ပြီး တစ်နှစ်နှင့် ရှစ်လအကြာတွင် မွေးဖွားခြင်းဖြစ်ပြီး ဆင်များမီးဖွားရာတွင် အင်မတန်ခက်ခဲကြောင်း၊ ဆင်တစ်ကောင် ကိုယ်ဝန်လွယ်ရာတွင် (၂၂)လ ကြာမြင့်ကြောင်းနှင့် ဆင်မကြီး ခင်ရှုမွေး ကိုယ်ဝန်စရှိပြီဆိုကတည်းက ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များ အမြဲဂရုစိုက်ကာ လေးပင်သည့်အလုပ်များ မလုပ်ခိုင်းတော့ဘဲ ဆင်မကြီးအား သီးခြားခွဲထားကြောင်း၊ လေဝင်လေထွက်ကောင်းပြီး သန့်ရှင်းလတ်ဆတ်သည့် လေကောင်းလေသန့် ရှုရှိုက်နိုင်ရန် ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း ဧရာဝတီမြစ်ကမ်းဘေးတွင်ထားရှိကာ ဆင်ထိန်းများ၊ ဆင်ပဲ့ချိတ်များ အမြဲဂရုစိုက်ခဲ့ရကြောင်း ဆင်စခန်းတာဝန်ခံမှ ရှင်းပြသည်။
ဆင်မကြီးသည် အသက် ၂၇ နှစ်ရှိပြီဖြစ်ကာ တန်ဆောင်မုန်းလပြည့်နေ့တွင် ဆင်မလေးအား မွေးဖွားသောကြောင့် ခင်လပြည့် ဟု ယာယီ နာမည်ပေးထားပြီး ယခု ဆင်မလေးနှင့် သုံးနှစ်ရှစ်လရှိ စွယ်စုံဆင်ထီးလေး တစ်ကောင် မွေးဖွားပြီးဖြစ်ကြောင်း သိရသည်။ ဆင်မလေး ခင်လပြည့်မှ ကျန်းမာသန်စွမ်းလျက်ရှိကြောင်းနှင့် ဆင်ဆရာဝန်များဖြင့် အနီးကပ်စောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)


