ရန်ကုန် နိုဝင်ဘာ ၁၈
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ခုနှစ် တန်ဆောင်မုန်းလပြည့်နေ(သာမညဖလအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော် အာရုံခံမုခ်ဦးလေးခုရှိ ကကုသန္ဓ ရုပ်ပွားတော်၊ ကောဏဂမနရုပ်ပွားတော်၊ ကဿပရုပ်ပွားတော်၊ ဂေါတမရုပ်ပွားတော်နှင့် အထက်ပစ္စယံရှိ ပတ္တမြားမြက်ရှင် ရုပ်ပွားတော်တို့ကို ရွှေကြာသင်္ကန်းကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ ဝင်များနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများက ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ကုသိုလ်အစုစုတို့အား အမျှပေးဝေခြင်း၊ အရပ်ဆယ်မျက်နှာမေတ္တာပို့ခြင်းတို့ကို ဆောင်ရွက် ကြသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အများပြည်သူကောင်းမှုကုသိုလ် အတွက် ရွှေတိဂုံစေတီတော် ပတ်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော်ဆက်ကပ် လှူဒါန်းကြသည်။
အလားတူ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) သာမညဖလသုတ်ပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ အောင်မြေ၌ ကျင်းပသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များက စေတီတော်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ဘာသရေးအသင်းအဖွဲ့များနှင့်ဝန်ထမ်းများက ထိခြင်း ငါးပါးဖြင့် ရှစ်ခိုးပူဇော်ကန်တော့ခြင်း၊ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ သာမညဖလ ဒေသက ဗုဒ္ဓဝန္ဒနာဘုရားရှစ်ခိုး ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ မြတ်စွာဘုရားအား ဩကာသကန်တော့ချိုးဖြင့် ညီညာစွာကန်တော့၍ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြခြင်း၊ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့အကြောင်း သိမှတ်ဖွယ်ရာများကို ဖတ်ကြားပူဇော်ခြင်း၊ သံဃာ့ကျေးဇူးအထူးသိဖွယ်ကဗျာကို ရွတ်ဖတ် ပူဇော်ခြင်း မေတ္တာပို့ခြင်း၊ အမျှဝေခြင်းစသည့်တို့ကို ဆောင်ရွက်ကြသည်။
ထို့အပြင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် တန်ဆောင်မုန်း လပြည့်နေ့(သာမညဖလအခါတော်နေ့)ကို ယနေ့နံနက် ၇နာရီခွဲတွင် စေတီ တော် ဂန္ဓကုဋိ တိုက်အတွင်း၌ ကျင်းပရာ နိုင်ငံတော်သဃံမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ အဂ္ဂမဟာပဏ္ဍတိ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ အဂ္ဂဓမ္မထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ကိုးပါးသီလခံယူ ဆောက်တည် ကြသည်။
ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံမှ အနုမောဒနာတရားတော်များ နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက စေတီတော်ဂန္ဓကုဋိတိုက် အတွင်းရှိ ရုပ်ပွားတော်များအား သင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အများပြည်သူကောင်းမှုကုသိုလ် အတွက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ပတ်ပတ်လည်ရှိ ရင်ပြင်၌ ဆီမီးများ ထွန်းညှိပူဇော်ဆက်ကပ်လှူ ဒါန်းကြသည်။
ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော်(ရန်ကုန်)၏ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဗုဒ္ဓအဘိသေက အနေကဇာတင်အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင် စွယ်တော် မြတ်စေတီတော်အတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သဃံမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ အဂ္ဂမဟာပဏ္ဍတိ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ အဂ္ဂဓမ္မနှင့် ဩဝါဒါစရိယဆရာတော် ကြီးများက စွယ်တော်မြတ်စေတီတော်အား ဗုဒ္ဓအဘိသေက အနေကဇာတင်ပူဇော်ကြသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များက ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်)၏ ဂန္ဓကုဋိတိုက်အတွင်း သတင်းသုံးတော်မူသော မုဒြာကိုးဆူတို့အား ရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အများပြည်သူကောင်းမှုကုသိုလ် အတွက် ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော်(ရန်ကုန်) ပတ်ပတ်လည်ရှိရင်ပြင်၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။
ဆုတောင်းပြည့် မယ်လမုစေတီတော်၏ တန်ဆောင်မုန်းလပြည်နေ့ (သာမညဖလ အခါတော်နေ့) တွင် ပဌာန်း(၅)ကျမ်း ရွတ်ဆို ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း၌ စေတီတော်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပရာ ဆုတာင်းပြည့် မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားအသင်းကြီး နည်းပြ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများက ပဌာန်း(၅) ကျမ်းကို ရွတ်ဖတ်ပူဇော်ကြသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အများပြည်သူ ကောင်းမှုကုသိုလ်အတွက် ဆုတောင်းပြည့်မယ်လမုစေတိတော် ပတ်ပတ်လည်ရှိ ရင်ပြင်၌ ဆီမီးများထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်
လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ကကြီးမှူး၍ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်တွင် အဆိုပါ ရုပ်ပွားတော်မြတ်ကြီး၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ဆက်ကပ်လှူပူဇော်ကြသည်။
ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်ဂေါပကအဖွဲ့က ကြီးမှူး၍ ယနေ့ ညပိုင်းတွင် ဆီမီးများထွန်းညှိပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ ဂေါပက အဖွဲ့ဝင်များ၊ ပရဟိတ လူမှုကူညီရေးအသင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များက စေတီတော်ရင်ပြင် ပတ်ပတ်လည်၌ ဆီမီးများ ထွန်းညှိပူဇော်ကြသည်။
အလားတူ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ရန်ကုန်မြို့ရှိ ဘုရားစေတီ များတွင် ဘုရားဖူးလာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများပူဇော်၍ ဆုတောင်းကြခြင်း၊ မြို့နယ်ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှုပြုကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဖိုး၊အဖွား၊ဆရာသမားများအား ကန်တော့ခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်များထွန်းညှိပူဇော် ကြခြင်းများ ပြုလုပ်ကြသည်။
သတင်း-ကိုကိုဇော်၊ ကျော်ကျော်
ဓာတ်ပုံ-လတ်လတ်(MNA)


