တန့်ဆည် ၂၄ ဖေဖေါ်ဝါရီ
မြန်မာနိုင်ငံတွင် အသည်းရောဂါဖြစ်ပွားမှု၊ အသည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုလျော့နည်းသွားစေရေး ရည်ရွယ်၍ တန့်ဆည်မြို့နယ် ပါရမီလူမှုကူညီရေးအသင်းနှင့် မြန်မာအသည်းဖောင်ဒေးရှင်း (ရွှေဘိုအသင်းခွဲ)တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့သွေးစစ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
“ကျွန်တော်တို့အသင်းခွဲအနေဖြင့် အသည်းရောဂါဖြစ်ပွားမှု၊ ကူးစက်မှုနှင့် ဆက်စပ်ဖြစ်ပွား သောရောဂါများနှင့်စပ်လျဉ်း၍ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့သွေးစစ်ပေးမယ်၊ ဘီပိုးရှိခဲ့ရင် မြန်မာအသည်း ဖောင်ဒေးရှင်း(ရွှေဘိုအသင်းခွဲ)ကိုခေါ်ပြီး သက်သာတဲ့ဈေးနှုန်းဖြင့် ကုသပေးမယ်၊ ဘီပိုးမရှိဘူးဆိုရင် ကာကွယ်ဆေး(၃)ကြိမ်ထိုးရန်ညွှန်ကြားပေးမယ် ” ဟု အသင်းဉက္ကဋ္ဌ ဒေါက်တာကျော်ဌေးက ပြောပြသည်။
သွေးစစ်ခြင်းကို တန့်ဆည်မြို့ ပါရမီလူမှုကူညီရေးအသင်းနှင့် မြန်မာအသည်းဖောင်ဒေးရှင်း (ရွှေဘိုအသင်းခွဲ)တို့ပူးပေါင်း၍ ဒေသခံပြည်သူ (၃၀ဝ) ကျော်တို့အား အခမဲ့စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)


