လင်းလက်နေခြည်

 

အကြောင်းရင်းခံတစ်ခု

အဂတိလိုက်စားမှုဆိုသည်မှာ မတရားသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်းဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုသည်။  အဂတိလိုက်စားမှုကို ဖြစ်စေသော အဓိကအကြောင်းတရားလေးပါး ရှိသည်ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့သည်။ “ဆန္ဒာဂတိ - ချစ်သဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း၊ ဒေါသာဂတိ - မုန်းသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း၊ ဘယာဂတိ - ကြောက်သဖြင့် ဘက်လိုက်ဆုံးဖြတ် ခြင်း၊ မောဟာဂတိ - အမှားအမှန်မသိသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း” ဆိုသည့် အဂတိတရား လေးပါးကို သတိပြုဆင်ခြင်ကြရန် မြတ်စွာဘုရားရှင်ကဟောကြားခဲ့သည်။

 

အဂတိလိုက်စားမှုကို ဖြစ်စေသော အဓိကအကြောင်းရင်းခံမှာ လောဘတရားပင်ဖြစ်ပြီး လောဘတရားသည် လူသားများကို လူ့သဘာဝအရ ချမ်းသာခြင်းအမှုကိုပြုရာ၌ မကောင်းမှုဒုစရိုက်များကို ကျူးလွန်၍ ဝိသမလောဘဖြင့် အသက်မွေး ဝမ်းကြောင်းပြုစေသဖြင့် ပယ်ဖျက်ရန် ကြိုးစားသင့်ပေသည်။ “ဝတ္ထုကာမဂုဏ် ငွေစနှင့်ကြုံသောအခါ အာရုံကို ဖြတ်နိုင်ခဲလှပါသည်” ဆိုသည့် ဦးပုည၏ ရေသည်ပြဇာတ်လာ ရေသည်ယောကျ်ား၏ ဘဝကဲ့သို့ပင် ပစ္စည်းဥစ္စာဆိုသည်မှာ လူသားတို့၏ လောဘကိုနှိုးဆွစေပြီး ထမင်းသခင်ကျေးဇူးရှင်ကိုပင် ပြန်၍ပင် သတ်နိုင်သည်အထိ ဖြစ်တတ်သည်။ လောဘတရားဖြင့် ပစ္စည်းဥစ္စာရှာဖွေတတ်ကြသူများသည် တံစိုးလက်ဆောင်ဆိုသော မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ပေးအပ်သည့်အရာကို ရှောင်လွှဲနိုင်ကြမည် မဟုတ်ပေ။ တံစိုးလက်ဆောင် လက်ခံလိုက်သည့် အခါတွင် ပေးသူအလိုကျ ရုပ်သေးရုပ်ပမာ ဆုံးဖြတ်ချက်များကို မှားယွင်းစွာဆုံးဖြတ်၍ အဂတိလိုက်စားမှုများကို ကျူးလွန်တတ်ကြသဖြင့် တံစိုးလက်ဆောင်သည် အဂတိလိုက်စားမှုများကို ဖြစ်စေသည့် အခြေခံအကြောင်းရင်းတစ်ခု ဖြစ်၍နေသည်။

 

တံစိုးလက်ဆောင်သတိနှင့်ရှောင်

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၊ ၃ (ခ) တွင် “တံစိုးလက်ဆောင် ဆိုရာတွင် အဂတိ လိုက်စားမှုအလို့ငှာ အဖိုးစားနား သို့မဟုတ် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လက်ခံခြင်း သို့မဟုတ် ပေးခြင်း ပြုသော ငွေကြေး၊ ပစ္စည်း၊ လက်ဆောင်၊ ဝန်ဆောင်ခ၊ ဧည့်ခံပြုစုခြင်းနှင့် တရားမဝင်သော အခြားအကျိုး ခံစားခွင့်များလည်း ပါဝင်သည်”ဟု ပြဋ္ဌာန်းထားသည်။ နောက်ကွယ်အကျိုးစီးပွားများ ပါဝင်ဆက်နွှယ် ပတ်သက်နေပြီး မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ပေးအပ်သည့်တံစိုးလက်ဆောင်သည် အစိုးရ၏မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ယိုင်နဲ့သွားစေသည့် အဂတိလိုက်စားမှုများကိုဖြစ်စေသည့် အခြေခံအကြောင်း ရင်းတစ်ခုဖြစ်သည်။ တံစိုးလက်ဆောင်ပေးခြင်းနှင့် လက်ခံခြင်းသည် ဥပဒေအရ အရေးယူခံရနိုင်သည့် ပြစ်မှုတစ်ခုဖြစ်နေသည်ကို သတိပြုသင့်သည်။

 

လူမှုပတ်ဝန်းကျင်တွင် တစ်ဦးနှင့် တစ်ဦးက အစပြု၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနိုင်ရေးအတွက် လက်ဆောင်ပေးခြင်း အလေ့အထများရှိကြသည်။ ထိုအလေ့အထများသည် သံတမန် ဆက်ဆံရေး၏ ပြယုဂ်တစ်ခုပင်ဖြစ်သဖြင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပြသလိုသော သဘောဖြင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ လူမှုပတ်ဝန်းကျင်တွင်လည်း အချင်းချင်း အပြန်အလှန်အားဖြင့် မေတ္တာတရားကို ရည်ညွှန်းဖော်ပြသော နောက်ကွယ်အကျိုးစီးပွားပါဝင်မှု မရှိသည့် လက်ဆောင်ပစ္စည်း ပေးကမ်းခြင်းကလည်း မြတ်နိုးဖွယ်ရာပင်ဖြစ်သည်။ ထိုအလေ့အထကို မသမာသူ ဝိသမလောဘသမားများက လုပ်ပိုင်ခွင့်အာဏာရှိသူများကို တံစိုးလက်ဆောင်ပေး၍ မိမိတို့အလိုရှိရာ ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်ပေးအောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်ကို အရောင်ဆိုး ဖျက်ဆီးနေကြသည်ကိုလည်း သတိပြုမိကြဖို့လိုသည်။

 

အဆိပ်ပမာ

အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေရသည့် ပုဂ္ဂိုလ်များအတွက် တံစိုး လက်ဆောင်သည် အဆိပ်အတောက်ပင်ဖြစ်သည်။ ရယူသုံးစွဲမိလိုက်သည့်အခါတွင် တံစိုးလက်ဆောင်နှင့်အတူ ပါလာသော အဆိပ်အတောက်များက မိမိတာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းအပေါ် ထားရှိရမည့် “တာဝန်ယူမှု၊ တာဝန်ခံမှု၊ အဂတိတရားကင်းစင်မှု” စသည့် စံနှုန်းများကို ပျက်စီးသွားစေပြီး တံစိုးလက်ဆောင်ပေးသူအလိုကျ ဆုံးဖြတ်ဆောင်ရွက်ရလေသည်။ တံစိုးလက်ဆောင်လက်ခံ၍ ဘက်လိုက်ဆုံးဖြတ်ခြင်းသည် လူမှုပတ်ဝန်းကျင် တစ်ခုလုံးကို ပျက်စီးစေသည့် အဂတိလိုက်စားမှုပင်ဖြစ်သဖြင့် နိုင်ငံတိုင်းက တံစိုးလက်ဆောင်ပေးခြင်းနှင့် လက်ခံခြင်းကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေကြခြင်းပင်ဖြစ်သည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ (က) (၁) တွင် အဂတိလိုက်စားမှုဆိုသည်မှာ “မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန်သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကိုတစ်ဦး တစ်ယောက်အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊”ဟု ပြဋ္ဌာန်းထားသည်။ တံစိုးလက်ဆောင်လက်ခံ၍ အဂတိလိုက်စားမှုများကို ကျူးလွန်မိမည်ဆိုပါက ဥပဒေအရ အရေးယူခံရ နိုင်သည်ကိုလည်း သတိပြုမိကြရန်လိုသည်။

 

ပညာရှိပင်ဖြစ်လင့်ကစား လောဘတရားများကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ တံစိုးလက်ဆောင် လက်ခံလိုက်သည့် အခါ တရားမျှတမှုစံနှုန်းများနှင့် ကင်းဝေးသွားစေပြီး မမှန်မကန် ဆုံးဖြတ်လုပ်ကိုင်တတ်သဖြင့် “ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်”၏ တောင်ဖီလာ ဆရာတော်ဘုရားကြီးက ဆုံးမထားခြင်းပင် ဖြစ်သည်။ ချမ်းသာလိုသောစိတ်သည် လူကိုနှိပ်စက်၍ လောဘတရားဖြင့် မတရားသောနည်းလမ်းဖြစ် သည့် ခိုးမှုကိုကျူးလွန်ကာ ပစ္စည်းဥစ္စာရှာဖွေမည် ဆိုပါက ခိုးယူခံရသည့် ပိုင်ရှင်တစ်ဦးတည်းသာ ဆုံးရှုံးမည်ဖြစ်သည်။ တံစိုးလက်ဆောင်လက်ခံ၍ ဆုံးဖြတ်ချက်များကို တရားဓမ္မနှင့်ဆန့်ကျင်ကာ ဆုံးဖြတ်လိုက်မည်ဆိုပါက လူမှုပတ်ဝန်းကျင်တစ်ခု လုံးကိုပါ ထိခိုက်ပျက်စီးစေတတ်သဖြင့် သတိပြု ဆင်ခြင်သင့်သည်။

 

ရှောင်လေဝေးဝေး

ယနေ့ခေတ်တွင်လည်း တံစိုးလက်ဆောင်လိုက်စား၍ ဘက်လိုက်ဆုံးဖြတ်ကာ အဂတိလိုက်စားမှု ကျူးလွန်မိမည်ဆိုပါက ဥပဒေအရ စစ်ဆေးပေါ်ပေါက်သည့်အချိန်တွင် မိမိရယူထားသော တံစိုးလက်ဆောင်များလည်း ဆုံးရှုံးရမည်ဖြစ်သကဲ့သို့ လူကိုယ်တိုင်ပါ အရေးယူခံရနိုင်သဖြင့် ဝေးဝေးက ရှောင်ရမည့် အဆိပ်ပင်ဖြစ်သည်။ အဂတိ လိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာခြင်းအမှုကို ပြုမိ သည်ဆိုပါကလည်း “လဆုတ်သောအခါ လမင်း၏ အရောင်အဝါသည် တစ်နေ့တခြားလျော့ပါးလာသကဲ့သို့ စည်းစိမ်ဥစ္စာ အခြံအရံအကျော်အစော အပေါင်းတို့သည်လည်း တစ်နေ့တခြားလျော့ပါးဆုတ်ယုတ်တတ်သည်” ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့သည်။ မကောင်းမှုတို့ဖြင့် ရှာဖွေ စုဆောင်းအပ်သော ပစ္စည်းဥစ္စာတို့သည် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးရတတ်သဖြင့် ဆင်ခြင်အပ်သည်။

 

ငယ်စဉ်က သင်ယူလေ့လာခဲ့ရသော ရွှေဥတစ်လုံးကို နေ့စဉ်ဥပေးနေသည့် ငန်း၏ဗိုက်ကိုခွဲကာ ရွှေဥများစွာ ရယူလိုသည့် လောဘကြောင့် ရွှေဥလည်းဆုံး ငန်းလည်းဆုံးရသည့်အဖြစ်ကို သတိပြုဆင်ခြင်ကြရန် လိုအပ်သည်။ နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့လက်ခံရရှိထားသော ရာထူး တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် အများပြည်သူ အကျိုးအတွက်သယ်ပိုးရန်သာဖြစ်သည်ကို သတိချပ်သင့်သည်။ ထိုကဲ့သို့ ပြည်သူ့အကျိုး သယ်ပိုးရင်း ပြည်သူ့မေတ္တာကို ရယူပိုင်ဆိုင်ထားသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရနှင့်ပြည်သူတို့က ချီးမြင့်သော လစာနှင့် စရိတ်တို့ကို ခံစားရရှိပြီး ဖြစ်သည်။ ထိုလစာနှင့် စရိတ်တို့ကို ခြိုးခြံချွေတာစွာ သုံးစွဲ၍ ချမ်းသာစွာနေထိုင်သည့် ဘဝပင်ဖြစ်သည်။ တံစိုးလက်ဆောင်ကို လက်ခံမိကာ အဂတိလိုက်စား၍ ဘက်လိုက်ဆုံးဖြတ်မိမည်ဆိုပါက ဥပဒေနှင့်အညီ အရေးယူခံရသည့်အချိန်တွင် မြင့်မြတ်သောဝန်ထမ်း ဘဝကိုပါဆုံးရှုံးရနိုင်ပြီး အရေးယူခံရခြင်းဆိုသောအဖြစ်ကိုပါ ခံစားရနိုင်သဖြင့် တံစိုးလက်ဆောင်ကို ဝေးဝေးက ရှောင်နိုင်ကြပါစေကြောင်း တင်ပြ လိုက်ရသည်။  

 

ရည်ညွှန်းကိုးကား

- ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ညောင်ကန် ဆရာတော်ဘုရားကြီး၊

- နေ့စဉ်ထုတ်သတင်းစာများ။