လေးမျက်နှာ၊  ၂၃ ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ရှင်းလင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် သခင်ဖိုးလှကြီး ကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ ဝတ်ကုန်းကျေးရွာ၊ ဥယျာဉ်ကုန်းကျေးရွာတို့တွင် ရေရရှိရေးအတွက် တွင်းနက်တူးဖော်ခြင်း၊ ဝါးတောကွင်းကျေးရွာတွင် မြေသား+မြေရော ကျောက်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကျေးလက်ရေပေးရေး လုပ်ငန်းအတွက် ထွန်းလသာကုမ္ပဏီနှင့် မြေသား+မြေရော ကျောက်လမ်းအတွက် Royal K Star ကုမ္ပဏီတို့က တင်ဒါအောင်မြင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း သခင်ဖိုးလှကြီးကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ ဝတ်ကုန်းကျေးရွာ၊ ဥယျာဉ်ကုန်းကျေးရွာတို့တွင် သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းသစ် တူးဖော်ခြင်း၊ ဂါလန်(၂၀၀၀)ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ပေ ၂၀ ရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုငွေကျပ် ၄၉ ဒသမ ၆၆၀၀ သန်းနှင့် ဝါးတောကွင်းကျေးရွာတွင် မြေသား+မြေရော ကျောက်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုငွေကျပ် ၂၄ ဒသမ ၀၂၀၀ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)