သရက် ၂၈ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့် ငွေကျပ်သိန်း (၁၀ဝ) နှင့်အထက် လုပ်ငန်းများမှ ပစ္စည်းဝယ်ယူမှု တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါအဖွဲ့ရုံးတွင် ကျင်းပကြောင်း သိရသည်။
ရှင်းလင်းပွဲ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းဇော်က တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့် ငွေကျပ်သိန်း(၁၀ဝ) အထက် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက တင်ဒါရောင်းချမှု အစီအစဉ်များ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးသိန်းနိုင်က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားရှိသော ၁/၂၀၁၇ တင်ဒါစည်းကမ်းများ၊ တင်ဒါနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ တင်ဒါ ဝယ်ယူရာတွင် လုပ်ငန်းသုံးပစ္စည်း တင်ဒါပေးသွင်းသူတို့ လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားကာ တင်ဒါဆွဲလိုသူများမှ သိလိုသည်များ ဆွေးနွေးမေးမြန်းမှုများအား အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဝေဖြိုးလေး(မကွေး)