ပဲခူး ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၁)ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက Online Zoom Meeting ဖြင့် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ဌာနဆိုင်ရာရုံးများ၊ စစ်ဆေးရေးဂိတ်များ လုံခြုံရေး အထူးဂရုစိုက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါသည် နှစ်ဝက်(Mini Budget) ဖြစ်၍ တင်ဒါလုပ်ငန်းများ အမြန်ဆုံး ပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးစား ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုများအပေါ် သေချာစိစစ်၍ စိုက်ပျိုးနိုင်သည့် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေး ဌာနဆိုင်ရာ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်းနှင့် စစ်တောင်းမြစ် ကမ်းပြိုနေရာများ၌ ဒီရေကာကွယ်တောများ စနစ်တကျ စိုက်ပျိုးနိုင်ရေး” မှာကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးများ၊ အတွင်းရေးမှူးတို့က အကြံပြုတင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ တက်ရောက်လာသည့် တိုင်းဒေသကြီးဆင့် ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာ ဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၊ သင်တန်းကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် သီးခြားလိုအပ်ချက်များ တင်ပြရာ ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)