တင်ဇာမော်နှင့် အမာခံပရိသတ်များ တွေ့ဆုံပွဲနှင့် သီချင်းဆိုပြိုင်ပွဲ ပြုလုပ်

ကိုလင်း

တေးသံရှင်တင်ဇာမော်နှင့် သူ၏ အမာခံပရိသတ်များ တွေ့ဆုံပွဲနှင့် တင်ဇာမော်၏ သီချင်းများအဆိုပြိုင်ပွဲ၏ Grand final ပွဲကို ဇူလိုင် ၃၀ ရက်က ဟာမိုနီစတူဒီယို၌ ပြုလုပ်ခဲ့ပြီး ယင်းပွဲသည် လေးနှစ်မြောက် ကျင်းပသောပွဲဖြစ်ကာ ယခုနှစ် အဆိုပြိုင်ပွဲ Season 4  ၏ ဖိုင်နယ်တွင် ပြိုင်ပွဲဝင် ငါးဦးက စုံတွဲသီဆိုမှု၊ တစ်ကိုယ်တော် သီဆိုမှုများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဒိုင်လူကြီးများအဖြစ် တေးသံရှင် မီမီဝင်းဖေ၊ ကော်နီ၊ ချောစုခင်နှင့် မီးနို တို့က ဆောင်ရွက်ပေးခဲ့ကြသည်။

“ကျွန်တော်က အစ်မ (တင်ဇာမော်) ပထမဆုံးအခွေ ထွက်ပြီး ၁၉၉၆-၁၉၉၇ ခုနှစ်ကတည်းက Group တစ်ခု ထောင် ခဲ့တာပေါ့နော်။ Group စထောင်တုန်း ကတော့ အစ်မနဲ့ fan တွေနဲ့ ရင်းရင်း နှီးနှီးတွေ့ဖို့ပေါ့၊ ဒါလောက်ပဲ၊ ဒါပေမယ့် အစ်မကလည်း အဆိုတော်ဖြစ်နေတော့ သီချင်းဆိုပြိုင်ပွဲလေးလုပ်ရင် ကောင်းမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ” ဟု တင်ဇာမော်၏ အမာခံ ပရိသတ်တစ်ဦးလည်းဖြစ်ပြီး ပရိသတ်အဖွဲ့၏ admin လည်းဖြစ်သူ ကိုဇော်မင်းနိုင်က ပြောသည်။

တင်ဇာမော်အနေဖြင့်လည်း မိမိ အောင်မြင်ခဲ့သော တေးသီချင်းများကို ပရိသတ်များက ပြန်လည်သီဆိုမှု အပေါ် “အခုလို ကိုယ့်သီချင်းလေးတွေကို ဆိုကြတော့ ပျော်တာပေါ့။ ဒီလိုပြိုင်ပွဲလေးလုပ်တော့ တင်ဇာမော်ရဲ့ တေးချစ်သူတွေအတွက် တစ်နှစ်တစ်ခါ ပရိသတ်နဲ့တွေ့ဆုံပွဲလေးလည်း ဖြစ်သွားတာပေါ့။ ပြီးတော့ သီချင်း ဝါသနာပါတဲ့ ပရိသတ်တွေအတွက်လည်း အခွင့်အရေးလေးတစ်ခု ဖြစ်သွားတာပေါ့။ တစ်ချိန်ချိန်မှာ ဒီထဲကနေ တကယ်အဆိုကောင်းတဲ့သူတွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေ။ အစ်မကိုယ်တိုင်လည်း မျှော်လင့်တယ်”ဟု ပြောသည်။

အဆိုပါ သီချင်းဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အယောက် ၃၀ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ထိုအထဲမှ နောက်ဆုံး ဆန်ခါတင်ငါးဦး ရွေးထုတ်၍ an meeting နေ့တွင် final ပွဲကိုပါ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ကာ မအက်စတာပါလ်က winner ဆုကို ရရှိခဲ့ကြောင်း၊ တင်ဇာမော်အနေဖြင့် ယခင်နှစ်က ပြိုင်ပွဲများတွင် ဒိုင်လုပ်ခဲ့သော်လည်း ယခုတစ်နှစ်တွင် ဒိုင်အဖြစ် မပါဝင်ဘဲ ပရိသတ်အနေဖြင့်သာ ပြိုင်ပွဲဝင်များကို အားပေးခြင်းနှင့် ပရိသတ်နှင့်အတူ သီချင်းများ သီဆိုခြင်း၊ ဂိမ်းများ ကစားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့အလင်း