တင်းနစ်မယ်ဘဝမှ အနားယူတော့မယ့် ဆာနီယာမာဇာ

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲမှာ ချန်ပီယံဆုဖလား ရယူဆွတ်ခူးထား နိုင်ခဲ့ဖူးတဲ့ အိန္ဒိယတင်းနစ်မယ် ဆာနီယာမာဇာဟာ ၂၀၂၂ ခုနှစ် တင်းနစ်ရာသီကုန်ဆုံးချိန်မှာ တင်းနစ်မယ်ဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ တင်းနစ်မယ်တွေထဲမှာ နာမည်ကြီးကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဆာနီယာမာဇာဟာ ယခု ကျင်းပနေတဲ့ ဩစတြေးလျအိုးပင်းတင်းနစ် ပြိုင်ပွဲရဲ့ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ ပထမအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် တင်းနစ်မယ်ဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တင်းနစ်မယ် ဆာနီယာမာဇာဟာ ၂၀၀၅ ခုနှစ်အတွင်းက ဒဗလျူတီအေ တစ်ဦးချင်း တင်းနစ်ဆုဖလားကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးသောအိန္ဒိယတင်းနစ်မယ်လည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဆွစ်ဇာလန်တင်းနစ်မယ် မာတီနာဟင်ဂစ်နဲ့အတူ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ နှစ်ယောက်တွဲချန်ပီယံဖြစ်ခဲ့သူဖြစ်ပါတယ်။

ဆာနီယာမာဇာဟာ ၂၀၀၉ ခုနှစ်အတွင်းမှာ ဩစတြေးလျအိုးပင်းနှစ်ယောက်တွဲ တင်းနစ်ချန်ပီယံဆု ဖလားနဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ ပြင်သစ်အိုးပင်းနှစ်ယောက်တွဲ တင်းနစ်ချန်ပီယံဆုဖလားတို့ကို ရရှိခဲ့သူ ဖြစ်ပါတယ်။

ငွေကြယ်