ဒေါက်တာမြတ်မိုး
ကျွန်ုပ်တို့အားလုံးသည် ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ကိုးကွယ်သည့်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များပီပီ မိမိဘာသာ သာသနာ ပြန့်ပွားတိုးတက်ရေးအတွက် တာဝန်ရှိသူများဖြစ်သည်ဟု ခံယူထားသူများဖြစ်သည်။ နိုင်ငံစည်ပင်ဝပြောရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် ကျရာ အခန်းကဏ္ဍမှ ပါဝင်နေသူများလည်း ဖြစ်ပြန်သည်။ အရာရာကို ဘာသာ သာသနာကိုအခြေခံ၍ စဉ်းစားသည်၊ တွေးသည်၊ ပြောသည်၊ လုပ်ကြကိုင်ကြသည်။ အကြောင်းမှာ ဗုဒ္ဓဘာသာသည် တစ်ဦးချင်း ငြိမ်းချမ်းရေးမှသည် အများငြိမ်းချမ်းရေး၊ လောကတစ်ခွင် သာယာဝပြောရေးကို ရှေးရှု၍ဖြစ်သည်။ ဤမျှ ရိုးရှင်းသောအချက်ကိုအခြေခံ၍ မြန်မာပြည်တစ်ခွင် အပူမှ အအေး၊ အမှောင်မှ အလင်းဆောင်နေသည့် ဂုဏ်ယူဖွယ်ရာ တစ်ခုအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းကို သဒ္ဓါတရားဖြင့် တင်ပြလိုပါသည်။
ဗုဒ္ဓဓမ္မနှင့် ငြိမ်းချမ်းသာယာဝပြောရေးကို အတူယှဉ်တွဲ၍ ကုသိုလ်စိတ်များ ပွားနိုင်ရေးအတွက် ရည်ရွယ်ပါသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဟု သိရှိရပါသည်။
မွန်မြတ်မှန်ကန်သော ရည်ရွယ်ချက်များမှသည် ခိုင်မာသောယုံကြည်မှုများသို့
ဘုရားရှင်အား ကိုယ်စားပြုသည့် ဥဒ္ဒိဿစေတီ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းသည်ပင် ထေရဝါဒဗုဒ္ဓဘာသာ အခြေခံခိုင်မာမှုရှိပြီးဖြစ်သော မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများ၊ သာသနာနှင့် ကမ္ဘာကြီးအတွက် ဦးတည်ထားခြင်းဖြစ်သည်။ မွန်မြတ်သန့်ရှင်းသော ရည်ရွယ်ချက်လေးရပ်ဖြင့် ဆက်လက်ခိုင်မာတည်တံ့အောင် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုကို ပြသရန်သည် အဓိကဖြစ်သည်။ ထို့အတူ ထေရဝါဒဗုဒ္ဓ ဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်လည်း ရည်ရွယ်ပါသည်။ ဘာသာသာသနာ၏ ထွန်းလင်းတောက်ပမှုဖြင့် အမိနိုင်ငံတော်ကြီး သာယာဝပြောစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာစေရန်အထိ ဦးတည်ထားပါသည်။ ထိုရည်ရွယ် ချက်များနှင့်အညီ ကျွန်ုပ်တို့၏ ထေရဝါဒဗုဒ္ဓဘာသာသည် ကိုးကွယ်မှုဗဟိုချက် အဖြစ် ဆက်လက်ထွန်းလင်းတောက်ပပြီး ဘာသာသာသနာ ဆက်လက်အဓွန့်ရှည် တည်တံ့ပြန့်ပွားနေမည်ဟု ယုံကြည်ပါသည်။
ဘာသာသာသနာနှင့် ယခုကဲ့သို့ စေတီတော်ကြီး တည်ထားကိုးကွယ်ခြင်း၏ အကျိုးကျေးဇူးကြောင့် နိုင်ငံတော်ကြီးလည်း သာယာဝပြောလာမည်၊၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မဝိဟာရတရားလေးပါးအောက်တွင် နိုင်ငံလည်းငြိမ်းချမ်းလာမည်၊၊ ဗုဒ္ဓ၏ အရိပ်အာဝါသအောက်တွင် ငြိမ်းချမ်းမှုနှင့်အတူ ပြည်သူပြည်သားအားလုံးလည်း အေးအေးချမ်းချမ်းဖြင့် မိမိတို့၏ စားဝတ်နေရေး ကိစ္စအဝဝ ပြေလည်လာမည်၊ စီးပွားလာဘ်လာဘများလည်း တိုးတက်လာမည်၊ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ရှိကြမည်ဟု မျှော်လင့်မိပါသည်၊၊
ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော် ထားသော
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံး အကျိုးငှာ ကိုးကွယ်ရာ ဤရုပ်ပွားတော်ကြီး ထုဆစ်တည်ထားစီမံကိန်းကြီးကား ကမ္ဘာ့သမိုင်းဝင် တည်ထားမှုတစ်ခုအဖြစ် စံပြုထိုက်သည်ဟု ဆိုနိုင်ပါသည်။ ဤသို့ သမိုင်းဝင်မှု အချက်အလက်အသေးစိတ်များကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ပင် ၂၉-၆-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက သာသနာနုဂ္ဂဟဘွဲ့ရ ပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေး အော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်း ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြားရှင်းလင်းပြသခဲ့သည်ကိုလည်း သတိထားမိသည်။
တန်ချိန်အလေးဆုံးထုထည်ကြီးကို အဝေးဆုံး သယ်ဆောင်ရွှေ့ပြောင်းနိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ငလျင်ဒဏ်ရစ်ခ်ျတာစကေး ၈ ဒသမ ၈၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂ဝ၊ မိုးကြိုးမုန်တိုင်းအဆင့် ၅ အထိ စသည့် သဘာဝဘေးဒဏ်ကြီးများကို ခံနိုင်ရည်ရှိအောင် တွက်ချက်တည်ဆောက်ထား သည်ဟုဆိုသည်။ ယခုလက်ရှိ ကျောက်ဆစ် ရုပ်ပွားတော်များအနက် ကမ္ဘာတွင် အကြီးဆုံးသောရုပ်ပွားတော်ကြီးလည်းဖြစ်သည်။
အထူးကန့်သတ် ကုန်စည်တစ်မျိုး ဖြစ်သော 5 axis နည်းပညာသုံး CNC စက်ဖြင့် ထုဆစ်ပူဇော်ထားခြင်းဖြစ်သည်။ ကွန်ပျူတာညွှန်ကြားချက်ဖြင့် ဝင်ရိုးငါးခုကို တစ်ပြိုင်နက်ရွေ့လျားစေနိုင်ပြီး ရှုပ်ထွေးသောစက်ပစ္စည်းအစိတ် အပိုင်းများကို ဖြတ်တောက်လုပ်ဆောင် နိုင်သည့်စက်မျိုးဖြစ်သည်၊၊ သတ်မှတ်ကာလအချိန်အတွင်း ပြီးစီးစေရန် အရွယ်အစား ကြီးမားလွန်းသော ဆင်းတုတော်ကြီးအတွက် တိကျသေချာ စွာ ထုဆစ်နိုင်စွမ်းရှိမည့် Heavy Mega CNC စက်ကြီးဖြစ်သည်၊၊ ဤစက်ကြီးကြောင့် ဆင်းတုတော်ရှိ မြန်မာမှုအနု သုခုမလက်ရာများ လှပသေသပ် ခံ့ညားလာမည်ဖြစ်သည်။
မာရဝိဇယရုပ်ပွားတော်ကြီးမတိုင်မီ နောင်တော် ရုပ်ပွားတော်တစ်ဆူကိုလည်း ဦးစွာထုဆစ်ရသေးသည်။ ထုဆစ်ရာတွင် အဆင့်မြင့်နည်းပညာများဖြင့် ပုံဖော်တွက်ချက်၍ အဆင့်မြင့် နည်းပညာစက်ကိရိယာများကို သုံးခဲ့ရ ပါသည်။ တွက်ချက်မှုမှားယွင်းပါက စကျင်ကျောက်တုံးကြီး ကွဲအက်ပျက်စီး သွားနိုင်သည်ဟုဆိုပါသည်။ သဘာဝဘေးဒဏ် ခံနိုင်အောင်အတွက်လည်း မြန်မာမှု တည်ဆောက်ရေးပညာများနှင့် တွဲစပ်၍ ခေတ်ပေါ်နည်းပညာများ ပါဝင်သည်ဟု သိရသည်။ တစ်နည်းအားဖြင့် မြန်မာတို့၏ ခေတ်မီနည်းပညာများဖြင့် တည်ဆောက်ရေးပညာများနှင့်အတူ ထိုနည်းပညာများကို မြန်မာမှု လက်ရာများဖြင့် ပေါင်းစပ်၍ ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နေပုံကို လေ့လာမိပါသည်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်
မာရဝိဇယ ရုပ်ပွားတော်ကြီး တည်ဆောက်ရေးကာလသည် ယခုအချိန်ထိဆိုလျှင် ၁၁၁၈ ရက်ရှိခဲ့ပါပြီ။ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ဖြစ်ခဲ့ပုံမှာမူ ဤသို့ဖြစ်ပါသည်။ ၂ဝ၁၇ ခုနှစ်နှောင်းပိုင်းတွင် ယခင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်နိုင်ရေး စကျင်ကျောက်တော်ကြီးကို တပ်မတော်သို့ လွှဲအပ်လှူဒါန်းခဲ့ရာမှ စတင်ခဲ့သည်။ ထို့နောက် ၎င်းစကျင်ကျောက်တော်ကြီး တူးဖော်ရေးလုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၉ ခုနှစ် မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ဒု ပေ၂ဝ ရှိ A အဆင့်ရှိသော အကြမ်းထည်ကျောက်တော်ကြီးကို ပုံဖော်နိုင်ခဲ့ကြသည်။
ဆင်းတုတော်ကြီးကို ခေတ်အလိုက် တည်ထားကိုးကွယ်ခဲ့သည့် ရုပ်ပွားတော်များအနက် အကောင်းဆုံးဖြစ်သည့် ရတနာပုံခေတ်ဟန် ဘူမိဖဿပုံစံဖြင့် တည်ထားရန် ရွေးချယ်ခဲ့ကြသည်။ ယင်းမှာ ကိုလိုနီကာလအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးသွားခဲ့ပြီးနောက် နောက်ဆုံးကျန်ရှိခဲ့သည့် ရတနာပုံခေတ်ဟန်ကိုယူရန် ဆုံးဖြတ်ခဲ့ ကြပုံရသည်။ ဘုရားကြီးထုဆစ်ပူဇော်ရန် စဉ်းစားရာတွင်လည်း ဉာဏ်တော်ကို အဓိကထား၍ ထုံးတမ်းစဉ်လာများနှင့်အညီ တည်ထားနိုင်ရေး လိုအပ်သည့် ပစ္စည်းများကိုလည်း စီစဉ်ဆောင်ရွက်ခဲ့ကြသည်။
လိုအပ်သည့်စကျင်ကျောက်များကိုလည်း အခက်အခဲများစွာကြားမှ ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် သယ်ယူခဲ့ကြရသည်။ ကျောက်တုံးတော်ကြီးများ စတင်ပင့်ဆောင်ခြင်းအခမ်းအနား ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့က စတင်ခဲ့ပြီး ကျောက်တုံးကြီးများ ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့် ကိုးကြိမ်တိုင် ပင့်ဆောင်ခဲ့ရပါသည်။ တန်ချိန်အားဖြင့် ၈၁၅၈ တန်ရှိသော စကျင်ကျောက်တုံး ကြီးများကို ရေလမ်းခရီးဖြင့် သယ်ဆောင်ခြင်းမှာ ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်ခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျောက်တုံးတော်အားလုံး မြင်းခြံ ဆီမီးခုံ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါသည်။
ကုန်းလမ်းမှတစ်ဆင့် သယ်ယူခြင်းကိုမူ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင်ခဲ့ကာ တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀ ကြားသယ်နိုင်သည့် ကားများဖြင့် နေပြည်တော်သို့ ပင့်ဆောင်ခဲ့ရသည်။ ဆင်းတုတော်ကြီး တည်ထားရေးအတွက် အလေးချိန်အများဆုံး စကျင်ကျောက်အား အဝေးဆုံးသောရေလမ်းခရီး၊ အဝေးဆုံးသော ကုန်းလမ်းခရီးများဖြင့် သယ်ဆောင်ခဲ့ခြင်း လုပ်ငန်းစဉ်မှာပင် အံ့မခန်းဖွယ် ဂုဏ်ယူစရာပင်ဖြစ်နေပါသည်။
ဘုရားကြီးတည်ထားကိုးကွယ်ရေး ဆောင်ရွက်ရာတွင် နိုင်ငံ့ဂုဏ်ဆောင်၍ ခမ်းခမ်းနားနား ထင်ထင်ပေါ်ပေါ်ရှိစေရေး တည်ဆောက်ရန် ရည်ရွယ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို စနစ်တကျပုံဖော်ခဲ့ကြသည်။ မြေနေရာကို စနစ်တကျဖြင့် အကွက်ချတွက်ချက် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံမှလည်း ဩဝါဒခံယူ၍ တလေးတစားဆောင်ရွက်ခဲ့ပါသည်။
ဘာသာရေး ကြန်အင်လက္ခဏာရပ်များ နှင့်အညီ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ် များကို ပြည့်စုံစွာထည့်သွင်း တည်ဆောက်ခဲ့ပြီး ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ကြပါသည်။
ထို့ပြင် ၎င်းပိဋကတ်သုံးပုံအား Application ဖြင့်ထည့်သွင်း၍ Tablet များတွင် ဖတ်ရှုနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ၎င်းပိဋကတ်ကျမ်းစာများကို ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သည့် ဘာသာရေးဌာနများသို့ ပေးပို့လှူဒါန်း သွားရန်လည်း စီမံထားပါသည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့တော်အမည်ကိုလည်း ဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ “မာရဝိဇယ” ဟူသည့် ဘွဲ့အမည်ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ပါသည်။ ဒါ့အပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဥဏ္ဏလုံမွေးရှင်တော်မြတ် ကပ်လှူပူဇော်ခြင်း၊ လက်မှုအချောသပ် လုပ်ငန်းနှင့် ဆေးသင်္ကန်းကပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ပုံဖော်ထုဆစ်ခြင်း
ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းလုပ်ငန်းများကို အစီအစဉ်များအဆင့်ဆင့် ချမှတ်ဆောင်ရွက်ခဲ့သည်။ ဥယျာဉ်အတွင်း ချောင်းတူးဖော် ဖောက်လုပ်ခဲ့သလို မန္တလေးရတနာပုံ ခေတ် မင်္ဂလာတံတားပုံစံ တံတား တစ်စင်းကိုပါ ထည့်သွင်းကာ မျက်စိပသာဒဖြစ်ဖွယ် တည်ဆောက်ထားသည်။ ရုပ်ပွားတော်မြတ်ကြီး တည်ထားမည့်နေရာတွင် တန်ချိန် ၂၀၀၀၀ ခံနိုင်ရည်ရှိသည့် အောက်ခံခုံ တည်ဆောက်နိုင်ရန် ဘိုးပိုင်များရိုက်၍ ဆောင်ရွက် ခဲ့ရပြီး ပလ္လင်တော်အစိတ်အပိုင်းများ ပင့်ဆောင်နေရာချထားခြင်းနှင့် တွဲဆက် ခြင်းများကိုလည်း စနစ်တကျဆောင်ရွက်ခဲ့ပါသည်။ ပလ္လင်တော်အစိတ်အပိုင်းများကို ထုဆစ်ရာတွင် CNC စက်ကြီးများဖြင့် လှလှပပထုဆစ်ခဲ့ကြပါသည်။ အလားတူပင် သုဓမ္မာဇရပ်များ တည်ဆောက်ရာတွင် ကျွန်းတိုင်များဖြင့် မြန်မာမှု၊ မြန်မာ့ ဟန်အတိုင်း ရှေးမူမပျက်ဆောက်လုပ်ကာ ဘုရားဖူးပြည်သူများ အနားယူ အပန်းဖြေနိုင်ရန် ရည်ရွယ်သည်။
ပရိဝုဏ်အတွင်း ကျောက်စာ ချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူမည်ဟု ရည်မှန်းထားကာ မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာ ရုံများအား စံနမူနာထား၍ ကျောက်စာရုံစေတီများ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။ သမိုင်းမော်ကွန်း ကျောက်စာထားရှိမည့် အလယ်ဗဟို ကျောက်စာရုံစေတီသည် ၂၁ ပေ x ၂၁ပေ x ၂၇ ပေရှိမည်ဖြစ်ပြီး အခြားကျောက်စာ ရုံစေတီများအနေဖြင့် ၁၂ ပေ x ၁၂ ပေx ၁၈ ပေနှင့် ကျောက်စာချပ်အနေဖြင့် ၄၅ လက်မ x ၆ ပေ ၃ လက်မ၊ ဒု ၇ ဒသမ၂ လက်မ ရှိမည်ဖြစ်ပါသည်။
ရတနာပလ္လင်တော်ထက်၌ ဌာပနာ ထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နှင့် ဖေဖော်ဝါရီ ၁၀ ရက်တို့တွင် နှစ်ကြိမ်တိုင်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ စေတနာရှင်၊ အလှူရှင်တို့က လှူဒါန်းထားသည့် အဖိုးတန် ကျောက်မျက် ရတနာများကို ဌာပနာသွင်းလှူပူဇော် နိုင်ခဲ့ပါသည်။ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် သာသနာ့ ဗိမာန်တော်ကြီးကိုလည်း သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့သည့် ၂၉၆ ပေ x ၂၁၃ ပေx ၉၄ ပေရှိ အဆောက်အအုံကြီးကို တည်ဆောက်ထားပါသည်။ ထို့ပြင် ၎င်းသာသနာ့ဗိမာန်တော်ကြီးသည် သိမ်သမုတ်ထားသည့် အဂ္ဂါဓိပတိဝိသုံဂါမ အမည်ရ သိမ်တော်ကြီးလည်းဖြစ်ပါသည်။
ရင်ပြင်တော်ကြီး တည်ဆောက်ရာတွင် စိမ်းလန်းစိုပြည်စေကာ မျက်စိပသာဒဖြစ်စေရန် မြက်ခင်းများကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။ ဘုရားဖူးလာပြည်သူများ နေပူပြင်းသည့် အချိန်တွင် ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော် ကြည်ညိုနိုင်ရန် ဂန္ဓကုဋိတိုက်များကိုလည်း စကျင်ကျောက်များ အသုံးပြု၍ မန္တလေးမြို့ အတုမရှိကျောင်းတော်၏ ပုံစံအတိုင်း အဆောင်တစ်ခုနှင့်တစ်ခု အနုသုခုမလက်ရာများ လုံးဝမတူညီသည့် အဆောင် ၂၄ ဆောင်ကို တည်ဆောက်ထားသည်။ ၎င်းအပြင် မသန် စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက် နိုင်ရေးအတွက် စက်လှေကားကိုလည်း ထည့်သွင်း တည်ဆောက်ထားသည်။ ဘုရားပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ဗောဓိညောင်ပင်၊ လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင် များစသည့် ဗုဒ္ဓဘာသာဆိုင်ရာအပင်များ ကိုလည်း စိုက်ပျိုးထားရှိပြီး ရုပ်ပွားတော် ကြီး၏ ဘယ် / ညာနှစ်ဖက်တွင် လင်းလွန်းတောနှင့် အနောက်ဘက်တွင် လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင်များကို စနစ်တကျစိုက်ပျိုးထားရှိသည်။
ကောင်းမှုကံကိုဖြစ်စေမည့် ဤဒါန
အလွန်အားရစရာကောင်းသည်မှာ ဤတည်ထားကိုးကွယ်သော မာရဝိဇယ ရုပ်ပွားတော်မြတ်နှင့် ပတ်သက်၍ စီမံကိန်းစသည့် အခါကာလကထက် အများပြည်သူများ စိတ်ဝင်တစား ကြည်ညိုသဒ္ဓါပွားမှု များပြားလာနေ ခြင်းပင်ဖြစ်သည်။ မြန်မာတို့သည် အလှူဒါနအရာတွင် ရက်ရောသူများ ဖြစ်သည်မှာ ဘာသာသာသနာအတွက် အထူးအားရစရာ ကောင်းလှပါသည်။ နောင်ဘဝ နောင်သံသရာကို ယုံကြည်သူများဖြစ်သည့်အားလျော်စွာ ဆင်းရဲသူကလည်း ဆင်းရဲသည့်အလျောက်၊ ချမ်းသာသူကလည်း ချမ်းသာသည့် အလျောက် တချို့ကလည်း မိမိတို့မှာ ပိုင်ဆိုင်သမျှ စွန့်လွှတ်လှူဒါန်းကြသည် ကို တွေ့ရသည်။ တစ်ရာ၊ တစ်ထောင် ကျပ်ငွေဂဏန်းမှသည် ရွှေစင်ကျောက်မျက် ကျောက်မျိုးစုံ ပိဿာချိန် ရာဂဏန်းမျှလည်းကောင်း၊ အလှူငွေအားဖြင့် ၂၉-၆- ၂၀၂၃ ရက်နေ့ တစ်ရက် တည်းတွင် အလှူရှင် ၁၀၁ ဦးက လှူဒါန်းသောအလှူငွေ ၁၆ ဒသမ ၁၇၇ ဘီလီယံ အပါအဝင် စုစုပေါင်းလှူဒါန်းငွေဘီလီယံ ၂၀ နီးပါးရှိခဲ့ပါပြီ။
များပြားလှသော အကျိုးတရားများနှင့် ထပ်တူရကြပါစေ
ဤမာရဝိဇယရုပ်ပွားတော်မြတ်ကြီး လက်ရှိတည်ထားကိုးကွယ်နေမှု၊ မကြာမီ ပြီးစီးအောင်မြင်တော့မည့် အနေအထားများနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးတွင် ကောင်းခြင်း မင်္ဂလာများလည်း ဖြစ်ထွန်းလာပါတော့မည်။
စေတီတည်ရခြင်းအကျိုး၊ တည်သောစေတီတွင် ပါဝင်ကုသိုလ်ပြုလှူဒါန်းရခြင်း၊ ပါဝင်တည်ဆောက်ခွင့်ရခြင်း အကျိုးများကြောင့် ကျွန်ုပ်တို့ဗုဒ္ဓဘာသာ ဝင်အပေါင်းတို့ မြတ်ဗုဒ္ဓပွင့်ရာအရပ်မှာ ပင် လူပြန်ဖြစ်ခွင့် ကြုံနိုင်ပါပြီ။ ကိုယ်အင်္ဂါမချို့တဲ့ မြတ်သောဘဝ ရဖို့ရန် သေချာခဲ့ပါပြီ။ အပါယ်သို့မလား၊ ဒွန်းစဏ္ဍားလည်းမဖြစ်၊ ယုတ်မာသော အမျိုးမှာလည်း မဖြစ်တော့ပြီ။ ကျွန်အမျိုးလည်းမဖြစ်၊ လောကငရဲလည်း ကျစရာမလိုတော့ပါ။
ရွှေအဆင်းနှင့် တင့်တယ်သည့် ဘဝမှာ မြင်သူအပေါင်း၏ ချစ်ခင်မှုကိုရပြီး ဘုန်းတန်ခိုးလည်း ကြီးမားလာမည်။ သံသရာအဆက်ဆက် လာဘ်လာဘရွှင်ပြီး စည်းစိမ်ဥစ္စာပြည့်စုံသည့် ဘဝမှာ ကြံစည်သမျှ အောင်မြင်ပါလိမ့်မည်။ နတ်မင်း၊ စကြဝတေးမင်း၊ သိကြားမင်း၊ ပဒေသရာဇ်မင်း အကြိမ်ကြိမ်ဖြစ်နိုင် သည်ဟုလည်း ကြားဖူးနားဝရှိသည်။ ဘုရားဆုပန် ပစ္စေကဗုဒ္ဓါဆုလည်း ရနိုင်သည်။ ပညာရဲရင့် ပွဲလယ်တင့်၍ အကြားအမြင် ထက်မြက်သူဖြစ်လာမည်။ နောက်ဆုံးတော့ နိဗ္ဗာန်ရွှေပြည် သို့ပင် ဆိုက်လိမ့်မည်ဖြစ်သည်။ များစွာသော အကျိုးကျေးဇူးများပင်တည်း။
ဤမျှဆိုလျှင် သမိုင်းတစ်လျှောက် ကြီးကျယ်ခမ်းနား မွန်မြတ်သပ္ပာယ်လှသော မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရမည့်ကာလတစ်ခု ဆီကား တဖြည်းဖြည်းနီးကပ်လာပါပြီ။ လှူတတ်လျှင် မြတ်သည့်အတွက် ဤသို့သောဒါနအပါအဝင် ကုသိုလ်ရေး အားလုံးမှာ ပါဝင်လှူဒါန်းခွင့်ရနိုင်ရေး စိတ်ဝင်စားစွာဖြင့် အာရုံစိုက်စေချင်ပါသည်။
ဉာဏ်ပညာ ရှေ့ဆောင်သည့် စေတနာသဒ္ဓါတရားနှင့်အတူ ယခုလို ကာလဒါနမျိုးကို လှူဒါန်းခွင့်၊ တည်ထားခွင့်၊ ဖူးမြော်ပူဇော်ခွင့်ရရှိသည့်အတွက် ကျွန်ုပ်တို့အားလုံး ကံကောင်းကြပါစေ၊ ဤရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ကျွန်ုပ်တို့အားလုံး ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်၊ သတ္ထန္တရကပ်အပေါင်းမှလည်း ကင်းဝေးကြပါစေ၊၊ ဤစေတီတော်ကြီးနှင့်အတူ ယခုပစ္စုပ္ပန်ဘဝမှာကော နောင်ဘဝ သံသရာများအတွက်ပါ ရရှိခံစားနိုင်ကြ ပါစေဟူ၍သာ. ... ဆုတောင်းလိုက်ရပါသည်။ ။