တနိုင်း ၂၁ ဇူလိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် နန်ဖျက်ယန်ချောင်း ယနေ့ နံနက် ၁၁ နာရီကျော်က ရုတ်တရက်ရေတိုးလာသဖြင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း မိုင်တိုင်အမှတ် (KM-113) နှင့် (KM-114) ကြားတွင် လီဒိုလမ်းမကြီးပေါ် ရေကျော်လျက် နန်ဖျက်ယန်ကျေးရွာအတွင်းရှိ အိမ်ခြေ (၄၀)ခန့်အတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေများဝင်ရောက်သော်လည်း ရေလွှမ်းမိုးမှု မရှိသေးသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် မလိုအပ်သေးကြောင်းနှင့် လတ်တလောအချိန်တွင် သောက်သုံးရေ ပြတ်လတ်မှုမရှိစေရေးနှင့် စားနပ်ရိက္ခာ အခက်အခဲမရှိစေရေးအတွက် သောက်သုံးရေ (၂၀)လီတာ ဘူးကြီး (၂၀)နှင့် ဆန်အိတ် (၅)အိတ်အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းညွှန့်၊ လမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများက သွားရောက်ထောက်ပံ့ ပေးခဲ့ကြသည်။
ထို့ပြင် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း လီဒိုလမ်းမကြီးပေါ်တွင် ရေကျော်လျက်ရှိပြီး ယာဉ်ကြီး/ငယ်များ သွားလာနိုင်မှုမရှိသည့်အတွက် လမ်းကြောင်း ယာယီပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)


