တနိုင်း  ၁၄   ဒီဇင်ဘာ

 

ပြည်သူများကျန်းမာကြံ့ခိုင်ရေးနှင့် လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရည်ရွယ်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ဒီဇင်ဘာစုပေါင်းလူထု လမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်လွင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့သူမြို့သားများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း လူအင်အား(၈၀၀)ခန့်ဖြင့် လမ်းလျှောက်ပွဲကို အတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

လူထုလမ်းလျှောက်ပွဲကို ထွေ/အုပ်ရုံးမှ မြို့ပတ်လမ်းတစ်လျှောက် မြို့ဦးဘုန်းကြီးကျောင်းတိုက်အထိ (၁)မိုင်ကျော် စုပေါင်းလမ်းလျှောက်ကြပြီးနောက် အခြေခံပညာမူလတန်းလွန်ကျောင်း (တပ်နယ်) ဘောလုံးကွင်း အတွင်း၌ ကိုယ်ကာယလေ့ကျင်းခန်း အတွဲ(၁)၊(၂)ကို အတူတကွတက်ညီလက်ညီ စုပေါင်းလုပ်ဆောင်ကြသည်။

 

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ကြွရောက်လာကြသူများအားလုံးကို ကောက်ညှင်ပေါင်းနှင့် လက်ဖက်ရည်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ အဆိုပါလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့တိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းထင်ကျော် (ပြန်/ဆက်)