တနိုင်း  ၂၅  အောက်တိုဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ သည်။

 

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်အောန်းက အဖွင့်အမှာစကားနှင့် သင်တန်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲလုံခြုံရေး၊ မဲရုံသုံးပုံစံများရေးသွင်းခြင်းနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများ စစ်ဆေးရန်အတွက် အချက်အလက်ဆိုင်ရာများကို သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပြီး မြို့ပေါ်(၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅)အုပ်စုရှိ မဲရုံ(၁၀)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး(၂၀) တက်ရောက်ခဲ့သည်။

 

သင်တန်းကာလကို အောက်တိုဘာလ (၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ တနိုင်းမြို့နယ်အတွင်း မဲရုံ(၂၃)ရုံအတွက် မဲရုံမှူး (၂၃)ဦး၊ ဒုမဲရုံမှူး(၂၃)ဦး စုစုပေါင်း(၄၆)ဦးတို့အား  တစ်ရက်လျှင် နှစ်ဖွဲ့ခွဲ၍ (၂)ရက်ကြာ ဆက်လက် ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

 

စိုင်းထင်ကျော်(ပြန်/ဆက်)

 

mdn