တနိုင်း နိုဝင်ဘာ ၁  

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာကျောင်းများကို ယနေ့ နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ကြောင်း သိရှိရသည်။ ကျောင်းများကို မဖွင့်လှစ်မီ အသက် (၁၂) နှစ် အထက် ကျောင်းသား/သူများအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     

ယခုလို ကျောင်းများမဖွင့်လှစ်မီကလည်း ကျောင်းတွင်းကျောင်းပြင်ပ သန့်ရှင်းရေး၊ ကျောင်းပတ်ဝန်းကျင်လုံခြုံရေး၊ ကျောင်းသား/သူများအားလုံး စိတ်ချလုံခြုံစွာ တက်ရောက်ပညာ သင်ကြားနိုင်ရန်အတွက် တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အားလုံးစုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တနိုင်းမြို့တွင် အခြေခံပညာ အထက်တန်း၊အလယ်တန်းနှင့် မူလတန်းကျောင်း  (၃၄) ကျောင်းနှင့် ဘကကျောင်း(၃)စုစုပေါင်း (၃၇)ကျောင်းတွင် ကျောင်းများအားလုံး ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိသည်။

 

 အဆိုပါ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများကို  ကျန်းမာ​ရေးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ တာဝန်ရှိသူများက ကျောင်းစာများကို  ဘာသာရပ်အလိုက် စနစ်တကျ သင်ကြားပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများက စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)