တနိုင်း ၂၇ စက်တင်ဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာ ၂၁ ရက်မှစတင်၍ မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် နေရာတချို့၌ လမ်းသားပျက်စီးမှုနှင့် လမ်းမကြီးရေကျော်မှုများ ဖြစ်ပွားလျက်ရှိသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေရာတချို့ ရေကျဆင်းမှုမရှိဘဲ နမ္မတီး- တနိုင်း- ပန်ဆောင်လမ်း ကောင်ရာကျေးရွာအထွက် မိုင်တိုင်အမှတ် KM-120 နှင့် KM-121 ကြားတွင် အရှည်ပေ(၃၀၀၀)ခန့်၊ အနက်(၂)ပေနှင့် (၃)ပေခန့်၊ မိုင်တိုင်အမှတ် KM-123 နှင့် KM-125 ကြားတွင် အရှည်ပေ(၁၀၀၀)ခန့်၊ အနက်(၂)ပေခွဲခန့် လမ်းရေကျော်မှုများ ထပ်မံဖြစ်ပွားလျက်ရှိပြီး ယာဉ်များသွားလာ၍မရဘဲ လမ်းကြောင်းယာယီ ပြတ်တောက်လျက်ရှိသည်။
နမ္မတီး- တနိုင်း- ပန်ဆောင်လမ်း လီဒိုလမ်းမကြီး မိုင်တိုင်အမှတ် KM-123 နှင့် KM-125+500 ကြားတွင် အရှည်ပေ (၆၅၀၀)ခန့် အနက်ပေ(၂)ပေခွဲခန့် ထပ်မံ၍ လမ်းရေကျော်မှုဖြစ်ပွားလျက်ရှိရာ စက်တင်ဘာ ၂၇ ရက် နံနက်ကိုင်းတွင် ပျှမ်းမျှရေ (၁)ပေခန့် ကျဆင်းသွားပြီး တနိုင်းမြို့အဝင် အောင်စိုးမိုးကျေးရွာအနီး လီဒိုလမ်းမကြီးပေါ်တွင် အကျယ်(၃၀၀၀)ပေ၊ အနက်(၂)ပေခန့်၊ တနိုင်း-မိုင်းခွန်လမ်း မိုင်းခွန်ကျေးရွာအုပ်စု ဂျိုဆာဒီးကျေးရွာတွင် အကျယ်ပေ(၁၅၀၀)၊ အနက်(၂)ပေခန့် ရေကျော်လျက်ရှိပြီး တနိုင်း-မိုင်းခွန်ယာဉ်သွားလာမှု ပြတ်တောက်လျက်ရှိသည်။ တနိုင်းမြို့နှင့် ရှင်ဗွေယန်မြို့ကြားရှိ တဝမ်ချောင်းရေ ရေဦးတိုက်မှုကြောင့် ယခင် လီဒိုလမ်းမကြီး ရေတိုက်စားသွားသော နေရာတွင် ပေ(၂၀၀)ခန့် ရေတိုက်စားမှုဖြစ်ပြီး လမ်းဟောင်းအားလုံး တိုက်စားခံရ၍ မိုးဒဏ်ဖြင့် တည်ဆောက်ဖောက်လုပ်ထားသော လမ်းသစ်သည် ပေ(၃၀)ခန့် ရေတိုက်စားပြတ်တောက်မှုဖြစ်ကာ အရှည်ပေ(၂၀၀)ခန့် လမ်းရေကျော်လျက် တနိုင်း-ရှင်ဗွေယန် ယာဉ်များသွားလာမှု ပြတ်တောက်လျက်ရှိသည်။
တနိုင်းမြို့ပေါ်ရပ်ကွက်များ ပုန်ခုန်းရပ်ကွက်နှင့် ဆင်မ်ဆာ့ရပ်ကွက်တို့တွင် တနိုင်းချောင်းရေ မြင့်တက်လာမှုကြောင့် နေအိမ်များတွင် ရေဝင်ရောက်လျက်ရှိသည်။ တနိုင်း-မိုင်းခွန်လမ်း ဂျိုဆာဒီးကျေးရွာတွင် လမ်းရေကျော်မှုမှာ အကျယ်ပေ(၃)မိုင်ခန့်၊ အနက်(၂)ပေ (၆)လက်မခန့် ရှိလာကြောင်းနှင့် မိုင်းခွန်ကျေးရွာအုပ်စု ရေနံကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကြားတွင် အရှည်ပေ(၈၀၀)ခန့် အနက်(၂)ပေခန့် လမ်းရေကျော်မှု ထပ်မံဖြစ်ပွားလျက်ရှိသည်။ နမ္မတီး- တနိုင်း- ပန်ဆောင်လမ်း လီဒိုလမ်းမကြီး ပုန်ခုန်း(ကွက်သစ်)ရပ်ကွက်နှင့် ဆင်မ်ဆာ့(ကွက်သစ်)ရပ်ကွက်ကြား ပျော်ပျော်စံ စားသောက်ဆိုင်ရှေ့ရှိ ကမ်းကပ်အုတ်ခုံတံတား ကွန်ကရစ်တံတားအရှည်(၁၀)ပေ၊ အကျယ် (၁၈)ပေမှာ ယနေ့မွန်းတည် (၁၂)နာရီခွဲခန့်က ရေတိုက်စား၍ ကျွံကျပျက်စီးသွားပြီး ကွန်ကရစ်လမ်း အရှည်ပေ (၂၀)ခန့် ကျိုးပြတ်သွားသဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ လမ်းကြောပြတ်တောက်မှု မရှိစေရေး ဘေလီသံဘောင်တံတားများဖြင့် ယာယီတံတားတည်ဆောက်ရန် ဆောင်ရွက်လျက်သွားမည်ဖြစ်သည်။
တနိုင်းချောင်းရေမှာ စိုးရိမ်ရေအမှတ်အောက် အနက်ပေ (၁၈ ဒသမ ၃)နှင့် အကျယ်ပေ (၈၅၀)ဖြစ်ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)