တနိုင်း ၁၃ ဇူလိုင်

 

တနိုင်းမြို့နယ်တွင် ရေဝင်ရောက်နေသော ဆင်မ်ဆာ့ရပ်ကွက် (ကွက်သစ်)နှင့်အောက်ချိုင့် ပုန်ခုန်းရပ်ကွက်(ကွက်သစ်)၊ မကောကျေးရွာအုပ်စု၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဂျိုဆာဒီကျေးရွာနှင့် လမုန်ကျေးရွာ နယ်မြေ( ၅ )အပိုင်းများသို့ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ လုပ်ငန်းရှင်များနှင့် အလှူရှင်များက ထမင်းထုပ်များ၊ အစားအသောက်များ၊ သောက်ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်ထုတ်များနှင့်  ဆန်များကို ရေဘေးသင့်အိမ်များသို့  ယမန်နေ့က အိမ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဆင်မ်ဆာ့ရပ်ကွက်မှ အိမ်ထောင်စု ( ၂၈) စု၊ ကျား၊ မ ဦးရေပေါင်း (၉၁)ဦးနှင့် ပုန်းခုန်းရပ်ကွက် အိမ်ထောင်စု ( ၅ )စု၊ ကျား၊ မ ဦးရေပေါင်း (၂၅)ဦး၊ စုစုပေါင်းလူဦးရေ ( ၁၁၆ )ဦးသည် တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်ရှိ မြို့မဘုန်းကြီးကျောင်းတိုက်၌ လည်းကောင်း၊ မုန်ဒိန်ရပ်ကွက် အိမ်ထောင်စု ( ၇ )စု ကျား မ (၃၂)ဦးသည် မုန်ဒိန် ရပ်ကွက် သာယာရွှေပြည်ကျောင်းတိုက်၌လည်းကောင်း အသီးသီး ယာယီရွှေ့ပြောင်းနေထိုင်နေကြကြောင်း သိရသည်။ 

 

ဇူလိုင်( ၁၂ )ရက်၊ (၁၈:ဝ၀) အချိန် တိုင်းထွာချက်အရ တနိုင်းချောင်းရေအခြေအနေမှာ ( ၂၂.၅ )ပေသို့ ပြန်လည် မြင့်တက်လာလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN