တနိုင်း ၂၅ မေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်တတ်သော သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်မှု လုပ်ငန်းများကို မြို့ပေါ် ရပ်ကွက်များတွင် ယနေ့နံနက် (၆) နာရီမှ စတင်၍ လုပ်ဆောင်ခဲ့သည်။
အဆိုပါလုပ်ငန်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ စာရေးဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ရေတိုင်ကီများ၊ ရေလှောင်ကန်များ၊ အဆောက်အဦများ၊ တည်းခိုခန်းများ၏ ရေကန်များ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ခိုအောင်းနိုင်သော နေရာများ၊ လူသုံးကုန် ပစ္စည်းများတို့ကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးက သွေးလွန်တုပ်ကွေးရောဂါကို ဂရုပြုကြရန် လိုအပ်ကြောင်း၊ တစ်ပတ်တစ်ကြိမ် ရေများလဲပေးဖို့ လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်စသည့် အသိပညာပေး လုပ်ငန်းများကိုလည်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)


