တနိုင်း ၇ ဇွန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်မှု လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် အပတ်စဉ် စနေ့နေ့တိုင်း ပြုလုပ်ရာ ယမန်နေ့နံနက်(၆)နာရီက ဟူးကောင်းရပ်ကွက်၌ လုပ်ဆောင်ခဲ့သည်။
အဆိုပါလုပ်ငန်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေဆန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ရေတိုင်ကီများ၊ ရေလှောင်ကန်များနှင့် ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ခိုအောင်းနိုင်သော နေရာများ၊ လူသုံးကုန်ပစ္စည်းများကို ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးက သွေးလွန်တုပ်ကွေးရောဂါကို မမေ့မလျော့ဂရုပြုဖို့လိုကြောင်း၊ တစ်ပတ်တစ်ကြိမ် ရေများလဲပေးဖို့လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန် လိုအပ်ကြောင်း စသည့် အသိပညာပေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဝါဝါ(ပြန်/ဆက်)