ဒါအက်စ်ဆာလမ်း၊ မေ ၂

 

တန်ဇန်းနီးယားနိုင်ငံရှိ ဒေသကိုးခုတွင် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အနည်းဆုံး ကလေးငယ် ၃၇ ဦး သေဆုံးခဲ့ကြောင်း တန်ဇန်းနီးယားနိုင်ငံ ရဲတပ်ဖွဲ့က ဧပြီ ၃၀ ရက်တွင် ပြောကြားသည်။

 

တန်ဇန်းနီးယားနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်မီဆိုင်းမ်၏ ပြောကြားချက်အရ သေဆုံးခဲ့သည့် ကလေးငယ်တချို့သည် ရေကြီးရေလျှံမှုကြောင့် မျောပါသွားခဲ့ပြီး တချို့မှာ ရေလျှံနေသော ရေတွင်းများနှင့် ရေကန်များအတွင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့တော်ဒိုဒိုမာရှိ ရဲတပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သေဆုံးခဲ့သည့် ကလေးငယ်များမှာ အာရူရှာ၊ ကီလီမန်ဂျာရို၊ ဒါအက်စ်ဆာလမ်း၊ ကီဂိုမာ၊ အမ်ဝမ်ဇာ၊ ကို့စ်၊ ကာတာဗီ၊ မိုရိုဂိုရိုနှင့် ရူခွာဒေသတို့မှဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ကလေးငယ်များအနေဖြင့် မိုးရွာနေစဉ်အတွင်း နေအိမ်မှ အဝေးသို့ သွားရောက်ခြင်းကို ကြိုတင်တားမြစ်ထားရန် ကလေးမိဘများနှင့် အုပ်ထိန်းသူများအား တန်ဇန်းနီးယား ရဲတပ်ဖွဲ့ဌာနချုပ် က တိုက်တွန်းထားကြောင်း သိရသည်။

 

တန်ဇန်းနီးယား မိုးလေဝသအာဏာပိုင်အဖွဲ့ကလည်း နိုင်ငံ၏ဒေသအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ကိုးကား-ဆင်ဟွာ

 ဘာသာပြန်-အလင်းသစ်